ဝင်ငွေရရှိရန် ရိုးရာလက်ရက်ကန်းထည်များ ကရင်နီ စစ်ဘေးရှောင် အမျိုးသမီးများ ရောင်းချ

By ကိုဇာနည်(မဇ္စျိမ)
22 September 2023
ဝင်ငွေရရှိရန် ရိုးရာလက်ရက်ကန်းထည်များ ကရင်နီ စစ်ဘေးရှောင် အမျိုးသမီးများ ရောင်းချ
ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WWF)
ဝင်ငွေတဖက်တလမ်းမှ ရရှိစေရန် ကိုယ်တိုင် ရက်လုပ်သည့် ရိုးရာ လက်ရက်ကန်းထည်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ကရင်နီ စစ်ရှောင်အမျိုးသမီးများထံက သိရသည်။
 
၎င်းတို့ကိုယ်တိုင်ရက်လုပ်ထားသည့် လွယ်အိတ်၊ လုံချည်၊ အင်္ကျီ၊ စောင် နှင့် တဘက်ပဝါ များကို ရောင်းချမည်ဖြစ်ပြီး စျေးနှုန်းများမှာ ကျပ် ၁၅,၀၀၀ ဝန်းကျင်မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။

signal-2023-09-22-132032_002.jpg

ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)

 
ဝယ်ယူအားပေးလိုသူများအနေဖြင့် ဒီမော့ဆို နှင့် ဖရူဆို အနောက်ဘက်ခြမ်းရှိ ဆိုင်များနှင့် WWF ဖေ့ဘွတ်မှတဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ထိုသို့ရက်ကန်းခတ်ရောင်းချနိုင်ရန် သြဂုတ်လ ၂၈ ရက်က စတင်သည့် သုံးပတ်ကြာ ရက်ကန်းခတ်သင်တန်းကို Women for women (WWF) က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
"ရွာထဲက တချို့ရွာခံတော့ အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ်သုံးဖို့ ရက်ကြတာပဲရှိတယ်ပေါ့နော် ။ ပုံမှန်လည်းသိပ်မရက်ဖြစ်ကြတော့ဘူး ။ လူတွေလည်းသိပ်မဝယ်ကြတော့ ပိုဆိုးတာပေါ့ ။ ရက်ထည်က စက်ရက်ထည်ထက် ဈေးတော့နည်းနည်းပိုတယ် ။
 
ဒါပေမဲ့ပိုထူပိုကောင်းတယ်ပေါ့နော် ။ အကြာကြီးလည်း သုံးလို့ရတယ်ပေါ့နော် ။ အဲ့ကြောင့် လက်ရက်ထည်တွေပိုမိုအားပေးကြဖို့ ကျွန်မတို့လည်း promote (အားေပး) လုပ်ရမယ်ပေါ့နော် ။ ကိုယ့်ရိုးရာအထည်တွေကို ပိုမိုတန်ဖိုးထားဝယ်ယူအားပေးကြဖို့ရယ် အဓိကရက်ကြတဲ့သူတွေက ရွာခံဘဲဖြစ်ဖြစ် ၊ စစ်ရှောင်ကပဲဖြစ်ဖြစ် အဓိကအမျိုးသမီးတွေဖြစ်တယ်ပေါ့နော် ။ အဲ့တော့အမျိုးသမီးတွေ ဝင်ငွေ တစ်ဖက်တလမ်းရအောင် လုပ်ပေးဖို့လည်း အများကြီးလိုတာပေါ့နော်" ဟု WWF မှ တာဝန်ရှိသူကပြောပါသည်။
 

signal-2023-09-22-132008_003.jpg

ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)

သင်တန်းတွင် ရက်ကန်းပစ္စည်း ၁၀ စုံဖြင့် သင်တန်းသူ ၁၀ ဦးခန့်ကို သင်ကြားပေးခဲ့ကြောင်း ၎င်းကဆိုသည်။
 
သင်တန်းအတွက် လိုအပ်သည့် ချည်များကို လွိုင်ကော်မြို့ကတဆင့် မှာယူရပြီး စျေးနှုန်းမြင့်တက်မှုကြောင့် ချည်တထုံးလျှင် ကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

signal-2023-09-22-132008_004.jpg

ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)

 
သင်တန်းသူများသည် ရက်ကန်းအထည်များကို စတင် ယက်လုပ်နေကြပြီဖြစ်၍ အထည်များစတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အနည်းငယ် စရောင်းနေရပြီဖြစ်၍ ဝင်ငွေစတင်ရရှိနေကြပြီဖြစ်ကြောင်း WWF တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
 
ရက်ကန်းထည်ပေါ်မူတည်၍ အထည်တထည်လျှင် သုံးရက်မှ တပတ်အထိ ကြာမြင့်၍ ရက်ကန်းခတ်သူများ အညောင်းမိခြင်း အနည်းငယ်ရှိကြောင်း သိရသည်။

signal-2023-09-22-132008_005.jpg

ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)

 
စာတည်း။ ။အောင်ကျော်ဖြိုး
 
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required