မူဆယ်နှင့် မိုးကုတ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

By ခိုင်မင်းမြတ် (မဇ္ဈိမ)
19 September 2023
မူဆယ်နှင့် မိုးကုတ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် မိုးကုတ်မြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း TNLA က တရားဝင် ထုတ်ပြန်လာသည်။

TNLA တပ်မဟာ(၂) စစ်ဒေသ မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာအနီး စစ်ကောင်စီတပ်၊ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများ ထိုးစစ်ဆင်လာသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ထိုအောက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း ဆိုသည်။

ယင်းအပြင် TNLA စစ်ဒေသ (၁) ဖြစ်သည့် တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာအနီးတွင်လည်း စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

နေရာခြေကုက်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ(၉၉) ၊ ခမရ (၄၁၉)၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLAတို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်သည် လွယ်ကျယ်လောက်တပ်စခန်းမှ ဟိုပေါ်၊ နာထမ်၊ လွယ်ပက်၊ မန်ကန်ရွာအနီးသို့ လက်နက်ကြီးဖြင့် ၆၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မူဆယ် ၁၀၅ မိုင်တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နမ့်ကတ်ရွာအနီးသို့ လက်နက်ကြီး ခြောက်ကြိမ်ပစ်ခဲ့ကြောင်း TNLA က ပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ တိုက်ပွဲမှတ်တမ်းများအရ သိရသည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီးနှင့် အထက်ညောင်ကုန်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

စာတည်း။   ။ နောင်နောင်

#မူဆယ်
#မိုးကုတ်
#TNLA
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required