ကသာမြို့နယ် တုတ်ကြီးရွာကို စစ်ကောင်စီတပ် စီးနင်းပြီး အရပ်သား ၄ ဦးကို သတ်ဖြတ်မီးရှို့သွားဟုဆို

By ရောင်နီ (မဇ္ဈိမ)
18 September 2023
ကသာမြို့နယ် တုတ်ကြီးရွာကို စစ်ကောင်စီတပ် စီးနင်းပြီး အရပ်သား ၄ ဦးကို သတ်ဖြတ်မီးရှို့သွားဟုဆို

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရသည့် စစ်ကောင်စီရေယာဥ်အုပ်စုက မြစ်ကမ်းဘေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူလေးဦးကို  သတ်ဖြတ်ကာ နေအိမ် ၃၇လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့်  စစ်ကောင်စီတပ်ရေယာဥ်သုံးစင်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက  ကသာမြို့သို့ ရောက်ရှိလာစဥ် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့‌ခြင်းဟု သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေးကျေးရွာဖြစ်သည့် တုတ်ကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံလေးဦးကို သတ်ဖြတ်သွားသည်ဟု ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ်ပကဖတာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ 

၎င်းက " လောလောဆယ် လေးယောက်သတ်ဖြတ်ခံရပါတယ်။ သေဆုံးသူတွေက အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားတွေပါ"ဟု ယနေ့ စက်တင်ဘာလ ၁၈ရက် ညနေ ၆နာရီခန့်တွင် ပြောသည်။

သတ်ဖြတ်ခံရသူ လေးဦးအနက် ကိုရဲမောင်မောင်နှင့် ကိုကိုက်ကိုက်ကိုသာ အတည်ပြုနိုင်ပြီး ကျန်နှစ်ဦး၏ ရုပ်‌အလောင်းသည် ပျက်စီးနေ၍ မသိရသေးဟု ဆိုသည်။စစ်ကောင်စီတပ်သည်  တုတ်ကြီးရွာမှ နေအိမ် ၃၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည်   စားနပ်ရိက္ခာနှင့် လက်နက်များသယ်ဆောင်ကာ မန္တလေးမြို့ ဂေါ၀န်ဆိပ်ကမ်းမှ  စက်တင်ဘာလဆန်းတွင် ထွက်ခွာလာခြင်း ဖြစ်သည်။ထိုစစ်‌ရေယာဉ်အုပ်စုကို သပိတ်ကျဉ်းနှင့် ကျောင်းမြောင်းမြို့ကြားတွင် တကြိမ်၊ ကသာမြို့တွင် တကြိမ်  ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့‌သည်ဟုသိရသည်။ စစ်ကောင်စီဘက်မှထိခိုက်မှုများကိုမသိရှိရသေးပေ။ ယနေ့  စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့မှတဆင့် ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်မြို့သို့ ဦးတည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

စာတည်း - အေးချမ်း
#mizzima
#ကသာမြို့နယ်
#စစ်ကောင်စီရေယာဥ်အုပ်စု
#တိုက်ခိုက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required