စစ်ကိုင်းအနောက်ပိုင်းကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထား၊ ၃ ရက်အတွင်း အရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ဟုဆို

By 007 (မဇ္စျိမ)
18 September 2023
စစ်ကိုင်းအနောက်ပိုင်းကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထား၊ ၃ ရက်အတွင်း အရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ဟုဆို

စစ်ကိုင်းမြို့အနောက်ဘက် ငါးထပ်ကြီးဘုရားအနီးရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထားပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများမှ အရပ်သား ၄၀ ကျော် ဖမ်းဆီးခံထားရပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအထိ သတ်ဖြတ်ခံခဲ့ရသူ ၁၀ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက ပြောသည်။

“ငါးထပ်ကြီးဘုရားအနောက်ဘက်က ကျောင်းထဲမှာတပ်စွဲပြီး အဲဒီအနီးအနားက ရပ်ကွက်တွေကို အဝင် အထွက် ပိတ်ထားတယ်၊ အခုညနေပိုင်းအထိ ပိတ်ထားတုန်းပဲ။ အထဲကလူလည်း အပြင်ထွက်မရဘူး အပြင်ကလူလည်း အထဲဝင်မရတော့ဘူး။ ရွာတွေဘက်မှာတော့ အရင်ရက်ကတည်းက ထွက်ပြေးနိုင်သူ တွေလွတ်ပြီး ထွက်မပြေးနိုင်သူတွေတော့ ပိတ်မိနေတယ်” ဟု စစ်ကိုင်းဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ငါးထပ်ကြီးဘုရားအနီးရှိ ရွှေဘုံသာကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်း ကျင် ရပ်ကွက်များနှင့် သလွန်ဖြူ၊ ညောင်ကုန်း၊ သပြူး၊ နေပူကုန်း၊ တဲကြီး၊ သပြေပင် စသည့် မြစ်ကမ်း ဘေးကျေးရွာများအား ယနေ့ညနေပိုင်းအထိဆက်လက်ပိတ်ဆို့ထားပြီး နေအိမ်များအား ၎င်းတို့စိတ်တိုင်း ကျ စီးနင်းရှာဖွေနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းတွင် တဲကြီးကျေးရွာကိုဝင်ရောက်စီးနင်းပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ကာ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF နှစ်ဦးကို ပစ်သတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်းဖော်ပြနေကြသော်လည်း ဒေသခံများကမူ PDF မဟုတ်ကြောင်း ငြင်းဆိုကြသည်။

“PDF တွေဘယ်မှာရှိလဲ မင်းတို့မသိဘူးလားဆိုပြီး ပစ်သတ်သွားတာ။ အဲဒီနှစ်ယောက်ကိုလည်း PDF လို့ စွပ်စွဲထားတယ်၊ လက်နက်တွေနဲ့မိတယ် ဘာညာပေါ့” ဟု စစ်ကိုင်းမြို့ခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းရန်ကို ကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၃,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ်နှင့် ဇနီး အသတ်ခံရပြီး နောက် စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် သလွန်ဖြူကျေးရွာနှင့် စစ်ကိုင်းအနောက်ဘက်ကျေးရွာများအား စစ်ကြောင်းနှစ် ကြောင်းခွဲကာ နေ့စဉ်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပုံစာ- စစ်ကိုင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ (Photo - Yan Pai)

စာတည်း။  ။စောဖေ

#စစ်ကိုင်းမြို့နယ်
#တပ်မ(၃၃)
#စစ်ကောင်စီစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required