မလေးရှားဝန်ကြီးချုပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မရေမရာ ဖြစ်လာ

By ဘန်ကောက်ပို့စ်
17 September 2023
မလေးရှားဝန်ကြီးချုပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မရေမရာ ဖြစ်လာ
Photo-AFP

မလေးရှားတွင် အကျင့်ပျက်ခြစားမှု အမှုကိစ္စများကို ရုပ်သိမ်းမှုများ ရှိခဲ့သည် ဖြစ်ရာ ယင်းသည် အဂတိလိုက်စားမှုကို တိုက်ဖျက်မည်ဆိုသည့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ကတိပြုထားမှုအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

အကျင့်ပျက်ခြစားမှု အမှုကိစ္စများ ရုပ်သိမ်းသည့် အစိုးရရှေ့နေများ၏ မကြာသေးခင်က ဆုံးဖြတ်ချက်များကြောင့် မဲဆန္ဒရှင်များကို ဖယ်ကြဉ်စေမည့် အန္တရာယ် ရှိစေနိုင်ပြီး အာဏာရ ညွန့်ပေါင်းအုပ်စုအတွင်း၌လည်း သဘောကွဲလွဲမှုတို့ကို နက်ရှိုင်းစေနိုင်ကာ ဝန်ကြီးချုပ် အန်ဝါ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ဥပဒေပြုအမတ်များနှင့် အကဲခတ်လေ့လာသူများက သတိပေးသည်။

“ပြုပြင်ပြောင်းလဲရေး” တောင်းဆိုဆော်ဩမှုနှင့်အတူ အန်ဝါ အီဘရာဟင်သည် အတိုက်အခံ ခေါင်းဆောင်အဖြစ် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုကျော်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထောက်ခံအားပေးသူတဦးအဖြစ် စည်းရုံးလှုံ့ဆော်ခဲ့သူ ဖြစ်သည်။

အန်ဝါကို ဝန်ကြီးချုပ်အဖြစ် ယမန်နှစ် နိုဝင်ဘာလက ခန့်အပ်ခြင်းက နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သလို 1MDB နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၌ ဒေါ်လာ ဘီလီယံများစွာချီသည့် အရှုပ်တော်ပုံ ဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း ဂုဏ်သိက္ခာစွန်းထင်းခဲ့ရသည့် မလေးရှား၏ နိုင်ငံတကာအလယ် ရပ်တည်မှုကို တိုးတက်စေလိမ့်မည်ဟု အများအပြားက မျှော်လင့်ခဲ့ကြသည်။

သို့သော် အစိုးရရှေ့နေများက ယခုလထဲတွင် ဒုဝန်ကြီးချုပ် အာမက်ဒ် ဇာဟစ် ဟာမီဒီအပေါ် စွဲဆိုထားသည့် စွဲချက် ၄၇ ခုကို ရုပ်သိမ်းခဲ့သလို 1MDB နှင့် ဆက်နွယ်သည့် အမှုကိစ္စတခုတွင် အကျဉ်းချခံ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ကို အပြစ်မရှိကြောင်း ဆုံးဖြတ်မှုကိုလည်း အယူခံဝင်ရန် ပျက်ကွက်ခဲ့ပြီးနောက် လက်ရှိတွင် ဝန်ကြီးချုပ် အန်ဝါအနေဖြင့် တိုးတက်ဝါဒီ မဲဆန္ဒရှင်များနှင့် မဟာမိတ်များကို သစ္စာဖောက်သည်ဆိုပြီး ၎င်း၏ ပါတီတွင်းမှ အပါအဝင် စွပ်စွဲမှုများကို ရင်ဆိုင်နေရသည်။

အန်ဝါက ၎င်းအနေဖြင့် တရားရုံး ကိစ္စများတွင် ဝင်စွက်ဖက်ခြင်း မရှိဟု ဆိုသော်လည်း နိုင်ငံ၏ ရှေ့နေချုပ်ကို ဝန်ကြီးချုပ်က ခန့်အပ်ခြင်း ဖြစ်သည့်အတွက် မလေးရှား ရှေ့နေချုပ်၏ လွတ်လပ်စွာ ရှိမှုအပေါ် မကြာခဏဆိုသလို မေးခွန်းထုတ်ခံထားရသည်။

အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် အန်ဝါကြောင့် မိမိအနေဖြင့် စိတ်ပျက်ရသည်ဟု ဝန်ကြီးချုပ်၏ People’s Justice ပါတီမှ ဥပဒေပြုအမတ်တဦးဖြစ်သည့် ဟက်ဆန် ကာရင်မ်က ပြောသည်။

“အန်ဝါဟာ ပြည်သူတွေကို ကတိပေးထားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထက် သူ့အစိုးရနဲ့ သူ့အာဏာ ဆက်လက် ရပ်တည်နိုင်ဖို့အတွက်ပဲ ပိုအလေးထားနေတယ်” ဟု ၎င်းက ရိုက်တာကို ပြောသည်။

မှတ်ချက်ပေးရန် တောင်းခံမှုကို ရှေ့နေချုပ်ရုံးနှင့် အန်ဝါ၏ ရုံးတို့က ဖြေကြားခြင်း မရှိပေ။

အာမက်ဒ် ဇာဟစ် အပြင် 1MDB ကိစ္စကြောင့် ထောင်ဒဏ် ၁၂ နှစ် ကျနေသည့် နာဂျစ်တို့သည် အန်ဝါ ကာလကြာ ဆန့်ကျင်အတိုက်အခံပြုခဲ့သည့် ညီညွတ်သော မလေးအမျိုးသား အစည်းအရုံး (Umno) မှ ဖြစ်ကြသည်။

အန်ဝါသည် ပါလီမန် အများစု အနေအထား ရရန် ယမန်နှစ်က သူ၏ ပြိုင်ဘက်ဟောင်းများနှင့် လက်တွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required