တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံး

By ဓါတု (မဇ္ဈိမ)
12 September 2023
 တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံး
ဓာတ်ပုံ- တက်ကြွလှုပ်ရှားသူ ဦးမောင်ထီ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်တပ်က ဖမ်းဆီးသွားသော ဒေသခံ ၁၀ ဦးကျော်နှင့် လပေါင်းများစွာ ကြာသည့်တိုင် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်နေကြောင်း မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

အရပ်ဝတ်များ ပါဝင်သော စစ်ကောင်စီတပ်သည် အသက် ၆၀ အရွယ် တက်ကြွလှုပ်ရှားသူ ဦးမောင်ထီကို ၂၀၂၂ ခုနှစ် မတ်လဆန်းပိုင်းတွင် ငါန်းဇွန်မြို့နယ်အစပ် တံတားဦးမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်ပစ်ဖောက်ကာ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ၎င်းအား ရှာမတွေ့သဖြင့် သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

ယင်းနောက် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပြီး နောက်မကြာမီ ရက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်မီးရှို့သွားကြောင်း မျက်မြင်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဦးမောင်ထီ၏ သားဖြစ်သူနှင့် သားမက်ဖြစ်သူကိုမူ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။

ထို့နောက် ယခုနှစ် မေလ ၁ ရက်နေ့တွင် ငါန်းဇွန်နယ်စပ်ရှိ တောထဲတနေရာတွင် ယာယီတဲထိုးကာ တိမ်းရှောင်နေသော ဦးမောင်ထီအား စစ်ကောင်စီသတင်းပေးမှ လမ်းပြခေါ်၍ ဖမ်းဆီးခဲ့ရာ ၎င်းနှင့်အတူ ယာယီတဲဘေးရှိ နွားကျောင်းသား၊ တောင်သူအချို့နှင့် လှေအငှားဆွဲသူတဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

" ဦးမောင်ထီကို ဖမ်းချင်တော့ သူ့မတွေ့လို့ဆိုပြီး မနှစ်က သူနဲ့ ဆက်စပ်တဲ့ သူတွေကို ဖမ်းတယ်၊ အခု မေလမှာသူ့ကို ငါးဇွန်းအစပ်နားက ကျွန်းနားမှာတွေ့လို့ ဒလန်(စကစသတင်းပေး)လိုက်ပြလို့ မျက်လုံးအဝတ်စည်းပြီး ဖိနပ်တောင်မပါဘူး ဆွဲခေါ်သွားတာ၊  သူနဲ့ပတ်သက်တဲ့ လှေအငှားလိုက်ပေးတဲ့သူကအစ သူ့ဘေးနားက နွားကျောင်းနေတဲ့ ကောင်လေးတွေကိုပါ ခေါ်သွားတာ၊ သူတို့ကို လေးလကျော်ပြီ၊ အခုထိ မိသားစုဝင်နဲ့ အဆက်သွယ်မရဘူးတဲ့"ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

၎င်းတို့အားဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် ဦးမောင်ထီနှင့် ဆွေမျိူးတော်စပ်သည့် ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် ကိုမျိုးမင်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ 

အဆိုပါဖမ်းဆီးခံရသူများနှင့် ထိုအချိန်မှစ၍ ယနေ့အထိ မိသားစုများမှ အဆက်သွယ်မရဘဲ သတင်းအစအနပျောက်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

ဖမ်းဆီးခံထားရသူများကို မြို့နယ်ရဲစခန်းများနှင့် အကျဥ်းထောင်တို့တွင် ရှိ၊ မရှိ စုံစမ်းသော်လည်း ၎င်းတို့နှင့်ပတ်သက်ပြီး အမှုဖွင့်ထားခြင်း မရှိသကဲ့သို့ မည်သည့်စစ်ကြောရေးတွင် ပို့ဆောင်ထားသည်ကိုလည်း မသိရကြောင်း ဆိုသည်။

"ဘယ်စစ်ကြောရေးမှာ ရှိတယ်ဆိုတာလည်း မသိရဘူး၊ ရဲစခန်းဘက်တွေကို လိုက်မေးတော့လည်း အဲဒီမှာ အဲ့ဒီနာမည်နဲ့ လူတွေမရှိဘူး၊ အမှုဖွင့်ထားတာမျိုးလည်း မရှိဘူး၊ ထောင်လည်းမချသေးဘူး၊ ဖမ်းသွားပြီး မိသားစုဝင်တွေကိုလည်း မဆက်သွယ်တော့ တော်တော်စိတ်ပူနေကြတယ်၊ လပေါင်းများစွာ ကြာနေပြီဆိုတော့" ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

၎င်းတို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ရွာခံ  ၂၀ ကျော်လည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

“သူတို့ရဲ့ သတင်းအစအန ပျောက်နေတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါငါန်းဇွန်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ယခုနှစ်အစပိုင်းမှစ၍ ဖမ်းဆီးစစ်ဆေးမှုများ၊ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နေအိမ်အတွင်းရှိ အရပ်သားပိုင် အသုံးအဆောင် ပစ္စည်းများကို ရှာဖွေယူဆောင်မှုများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required