ယင်းမာပင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

By လွှမ်းမိုး(မဇ္ဈိမ)
07 September 2023
ယင်းမာပင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ၊ ယင်းမာမြို့နယ် ၊ ကျောက်ကုန်းကျေးရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြာချိန် နှစ်နာရီခန့်ရှိကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့နဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ ကင်းပုန်းနဲ့  စတင်ပစ်ခတ်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ကင်းပုန်းဝပ်ပြီး အနီးရောက်မှ ကပ်ပစ်တာဆိုတော့ စစ်ကောင်စီတပ် အသေဆုံးများသွားတာ ဖြစ်တယ်” ဟု ကိုဂျော်ဒန်က ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ လည်း ရဲဘော် ခြောက်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ULF တပ်ပေါင်းစု ထံမှ သိရသည်။

ထိုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီး ဟောင်ဝှစ်ဇာ များဖြင့် ပစ်ကူပေးခဲ့ကြောင်း ကိုဂျော်ဒန်က ပြောသည်။

“ နမခ စစ်ဌာနချုပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာက ခြောက်မိုင်လောက်ပဲ ရှိမယ်ဗျ။ ဟောင်ဝှစ်ဇာ အမျိုးအစား လက်နက်ကြီး နဲ့ လေးကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တာ ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။

၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ MA1 နှစ်လက် ၊ MA-2 တလက် ၊ 5.56 ကျည်တောင့် ၄၀၀၊ ကျည်ဘောက် ၁၇ ခု ၊ ဆက်သွယ်ရေး (icon) တလုံး နှင့် ဖုန်းတလုံး သိမ်းဆည်းရမိခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကို ULF တပ်ပေါင်းစုမှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်သည့် Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း ၊ Alpha စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့တွင် ကျောက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို DY(850) တိုက်ခိုက်ရေး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်- ကနီ မြို့နယ် အစပ်ရှိ ကျောက်ကုန်း၊ ကျောက်မှော် ၊ စည်သူ ၊ စုန်းချောင်း ၊ နွားခြံကုန်း ၊ ကျွန်းကလေး ၊ အင်းပတ် စတဲ့ ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required