မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆို

By Spring
05 September 2023
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆို

မြန်မာ့အရေးဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေမှုအပေါ် အာဆီယံထိပ်တန်းသံတမန်တွေက စိတ်ပျက်နေကြသလို ဘုံဆုံးဖြတ်ချက်ငါးရပ်ကို ပြန်လည်သုံးသပ်သွားမယ်လို့သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင် ဖြစ်နေတဲ့ ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်ကတည်းက သဘောတူချမှတ်ခဲ့တဲ့ အဲဒီ ဘုံသဘောတူညီချက် ငါးချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ က ပြောပါတယ်။

ဆက်လက်ပြီး “မြန်မာ့အရေးမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့အဖြေတစ်ခုကို ကျွန်မတို့စွမ်းဆောင်ပေးနိုင်မှသာ အာဆီယံဟာ အင်အားအပြည့်နဲ့ ရှေ့ကို မောင်းနှင်နိုင်မှာပါ” လို့ ဝန်ကြီး Retno Marsudi က ပြောပါတယ်။

အာဆီယံဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ပါတီတွေအားလုံးအကြား တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုထားတဲ့ တူညီဆန္ဒငါးရပ်လို့ လူသိများတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူဆုံးဖြတ်ထားပါတယ်။ 

ဒါပေမဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အဲဒီတူညီချက်ကို ပြောကောင်းရုံထက် လိုက်နာဆောင်ရွက်တာ အနည်းငယ်သာရှိခဲ့ပါတယ်။

အာဆီယံဟာ ဆယ်စုနှစ်ပေါင်းများစွာ (အဖွဲ့ဝင်)နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနဲ့ ဘုံဆုံးဖြတ်ချက်နဲ့ သဘောတူညီမှုရယူဖို့ မူဝါဒတွေနဲ့အညီ လုပ်ဆောင်လည်ပတ်ခဲ့ပေမယ့် မြန်မာနိုင်ငံလို ပြဿနာတွေကို ဖြေရှင်းရာမှာ အကျပ်ရိုက်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ဘုံသဘောတူညီချက် တွေကို လိုက်နာရန် ပျက်ကွက်မှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ထိပ်သီး အစည်းအဝေးတွေမှာ စစ်ကောင်စီ ခေါင်းဆောင်တွေကို တက်ရောက်ခွင့် ပိတ်ပင် ထားပါတယ်။

အာဆီယံဟာအခုလို မြန်မာစစ်ဗိုလ်ချုပ်တွေကို ထိပ်တန်းအဆင့်အစည်းအဝေးတွေကနေ တားမြစ်ထားတာထက်ကျော်လွန်ပြီး ဖိအား မပေးနိုင်ဖြစ်နေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ပြင်အရေး၊ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ် အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခုသီတင်းပတ်မှာ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေကဲ့သို့သော မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်တွေနဲ့အတူ ဂျာကာတာမှာ စုဝေးဆွေးနွေးကြဖို့ ရှိနေကြပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘဲ၊ ဆက်ပြီးတော့ မထီမဲ့မြင့်ပြုနေတဲ့ မြန်မာစစ်ကောင်စီကို ပိုပြီးတော့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR) က တောင်းဆိုထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ကလည်း အာဆီယံကို တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေါ်အစိုးရ NUG  အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့စည်းများနဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေး ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required