ဝန်ကြီး ဦးကျော်လွင်နှင့် ပါတီဝင် ၃ ဦး ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရ

ဝန်ကြီး ဦးကျော်လွင်နှင့် ပါတီဝင် ၃ ဦး ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရ
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုတွင်းနှင့် သစ်တောဝန်ကြီး ဦးကျော်လွင် (ဓာတ်ပုံ-ကျော်မင်း)

ရန်ကုန်၊ ဧပြီ ၈ ရက် ။  ။ ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုတွင်းနှင့် သစ်တော ဝန်ကြီး ဦးကျော်လွင်နှင့် ကျောက်တော်မြို့နယ်မှ ပါတီဝင် ၃ ဦးကို ဧပြီလ ၈ရက်တွင် ပြုလုပ်သော ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

"ဝန်ကြီး ဦးကျော်လွင် ကိုယ်တိုင်က ကတိခံဝန် လက်မှတ် ထိုးပြီးသားပါ။ ပါတီရဲ့ ကြေညာချက်တွေကို လိုက်နာဖို့နဲ့ မဖောက်ဖျက်ဖို့။ ဒါပေမယ့် သူက ပါတီရဲ့ ခွင့်ပြုချက် လုံးဝ မပါဘဲ၊ ပါတီရဲ့ ကြေညာချက်ကို ဖောက်ဖျက်ပြီး NLD အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာကို လက်ခံခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ထုတ်ပယ်လိုက်ပါတယ်။ ကျောက်တော်က ၃ ဦးကတော့ သူတို့ သဘောနဲ့ သူတို့ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့တယ်။ ပါတီရဲ့ ဖွဲ့စည်းပုံကို ဖောက်ဖျက်တယ်။ ဒါကြောင့် သူတို့ကိုလည်း ထုတ်ပယ်လိုက်ပါတယ်။" ဟု ရခိုင်အမျိုးသားပါတီ ဗဟို ဒုဥက္ကဌ-၁ ၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

ဧပြီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုတွင်းနှင့် သစ်တောဝန်ကြီးအဖြစ် ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်တစ်နေ့တွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် နောက်ထပ် ထုတ်ပယ်ခံရသည့် ၃ ဦးမှာ ရခိုင်အမျိုးသားပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်၊ ဒုဥက္ကဌ ဦးစောရွှေထွန်း၊ အတွင်းရေးမှူး ဦးဇော်ဝင်းတို့ ဖြစ်ပြီး ၎င်းတို့မှာ ပါတီဗဟိုဌာနချူပ်၏ ခွင့်ပြုချက် ရယူခြင်း မပြုဘဲ မိမိသဘောအလျောက် မြို့နယ်အဆင့်မြင့် ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ကြေညာချက်များထုတ်ပြန်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဦးဖိုးမင်းက ပြောသည်။

ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဝန်ကြီး ဦးကျော်လွင်နှင့် ကျော်တော်မြို့နယ်မှ  ဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့တို့ကို မဇ္ဈိမသတင်းဌာနမှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်တို့ကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည့် ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို  ပါတီမှ ထုတ်ပယ်ခဲ့ပြီး ကြေညာချက်ကို ဆန့်ကျင့်မှုဖြင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရသူများမှာ ဝန်ကြီး ဦးကျော်လွင်နှင့်ဆိုလျှင် ၇ ဦးထိ ရှိပြီ ဖြစ်သည်။

၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ဖွဲ့စည်းခွင့်ရရန်နှင့် သို့မဟုတ်ပါက အစိုးရအဖွဲ့တွင် ပူးပေါင်းခြင်းမပြုဘဲ အတိုက်အခံအဖြစ် ရပ်တည်ရန်၊ ကြေညာချက်ကို လိုက်မနာသော ပါတီဝင်များကို ထုတ်ပယ်ရန်တို့ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာထိ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများကို ANP မှ ရယူထားကာ အစိုးရအဖွဲ့တွင် လုံး၀ ပါဝင်ခြင်း ပြုမည်မဟုတ်ကြောင်းနှင့် ယခု ထုတ်ပယ်လိုက်သော ပါတီဝင်များအနေနှင့်လည်း အယူခံဝင်ခွင့်ရမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟို ဒုဥက္ကဌ-၁ ၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးဖိုးမင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required