ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း 
Photo: Thaksin: Eligible for senior privileges

ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ 

တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။ 

အသက် ၇၄ နှစ်ရှိ သက်ဆင်သည် ကိုယ်တိုင်ပြည်ပြေးအဖြစ် ၁၅ နှစ်တာ နေထိုင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာချိန် တရားရုံးချုပ်က ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံရပြီးနောက် ဘန်ကောက်အကျဉ်းထောင်၏ ခြေချုပ်နေရာသို့ ဩဂုတ် ၂၂ ရက်တွင် ပို့ဆောင်ခံရခြင်း ဖြစ်သည်။ 

ထိုသို့ ပို့ဆောင်ခံရပြီး ၁၃ နာရီအတွင်းမှာပင် ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ကျဆင်းခြင်းများ ခံစားရ၍ ရဲဘက်ဆိုင်ရာ ဆေးရုံသို့ ရွှေ့ပြောင်းထားခဲ့သည်။ 

သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သူ ပတ်သွန်တန်သည် တနင်္လာနေ့ နေ့လယ်ပိုင်းနှင့် အင်္ဂါနေ့ နံနက်ပိုင်းတို့တွင် ဖခင်ဖြစ်သူထံ လာရောက်ခဲ့သည်။ ဖခင်၏ နှလုံးရောဂါ အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ၎င်းက ပြောသည်။ 

ဖခင်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူ့အား စကားပြောဆိုနိုင်သေးကြောင်း ဖျူထိုင်းပါတီရုံးချုပ်တွင် အင်္ဂါနေ့၌ ၎င်းက သတင်းထောက်များအား ပြောသည်။ 

“အဖေ့ရဲ့ နှလုံးအခြေအနေကို ကျွန်မ စိုးရိမ်တယ်၊ အဖေက အဆုတ်လည်း မကောင်းဘူး၊ ကျွန်မကတော့ အဖေရဲ့ နှလုံးအခြေအနေအတွက် ပိုပြီး စိုးရိမ်တယ်”ဟု ပတ်သွန်တန်က ပြောသည်။ 

အရင်ကလည်း သက်ဆင်၌ COVID-19 ကူးစက်ဖြစ်ပွားထားကြောင်း ပတ်သွန်တန်က ပြောသည်။ သက်ဆင်အား အထူးကြပ်မတ်ဆောင်တွင် ကိုးရက်တာ ထားခဲ့ပြီး ဆေးရုံ၌ တလကြာ ဆက်လက်ထားလိမ့်မည် ဖြစ်သည်။ 

ဖခင်ဖြစ်သူအနေဖြင့် ရဲဆေးရုံတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံတခုသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်းလည်း ပတ်သွန်တန်က ဆိုသည်။ 

ဆေးရုံ၌ မည်မျှကြာကြာ တက်ရောက်ရမည်ဆိုသော အမေးအား ဆရာဝန်များအား ထိုမေးခွန်းပင် မေးမြန်းခဲ့သော်လည်း “အကြောင်းရင်းခံများစွာ” ရှိနေ၍ မဖြေဆိုနိုင်ကြကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ 

ရဲဆေးရုံ၌ VIP အခန်းတွင် သက်ဆင်အား ထားထားသည်ဆိုခြင်းအား သူက ငြင်းဆန်ပြီး သက်ဆင်၏ ဆေးရုံအခန်းမှ ကြည့်လျှင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရုံးကို မြင်ရကြောင်းသာ ဖြေဆိုသွားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required