အင်းတော်မြို့နယ်  ၂ ရက်ဆက် တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်ကျဆုံးမှုရှိဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
29 August 2023
အင်းတော်မြို့နယ်  ၂ ရက်ဆက် တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်ကျဆုံးမှုရှိဟုဆို
ပုံအညွန်း ။    ။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်များ

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသား တပ်မတော် (ABSDF)တို့ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိဟု  Indaw Revolution – IR မှ သြဂုတ်လ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက်မှစတင်၍ ၂၈ ရက်နေ့အထိ အင်းတော်မြို့အနောက်ဘက် ရှစ်မိုင်ခန့်အကွာရှိ မော်တိတ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့်  ကျောင်းသားတပ်မတော် (ABSDF) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဟု Indaw Revolution – IR မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“ တိုက်ပွဲက နှစ်ရက်ဆက်တိုက်ဖြစ်တာ၊ ၂၇ ရက်နေ့မှာက ​စစ်ကောင်စီတပ်သား နှစ်ယောက်သေတယ်၊ အဲဒါက အင်းတော်မြို့ထဲကို သယ်လာတယ်၊ ခြောက်ယောက်ကတော့ တိုက်ပွဲထဲမှာရှိတဲ့ မျက်မြင်ရဲဘော်က ပြောပြတာပါ။ ABSDF ကရဲဘော်တယောက်ကျတယ်၊ တယောက်ဒဏ်ရာရတယ်၊ စကစ က သေတဲ့သူ ဒဏ်ရာရတဲ့သူ ကားနှစ်စီးတိုက်ရတယ်လို့ ABSDF က ရဲဘော်တဦးက လှမ်းပြောထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်များသည် အထိနာနေသည့်အတွက် အင်းတော် စစ်တပ်ကုန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာ မော်တိတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်းလည်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် အင်အား ၆၀ခန့်ရှိသော စစ်ကောင်စီတပ်သားများသည် မော်တိတ်ရွာထဲတွင်ရှိနေပြီး ၊ မော်တိတ်ဒေသရှိ မော်တိတ်၊ ရွာသာယာ၊အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင်-ကျွန်းတော စသည့် ကျေးရွာများမှ ဒေသခံ ၆,၀၀၀ကျော်ခန့်သည့် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း  Indaw Revolution – IR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့်  ဩဂုတ် ၁၄ ရက်တွင်လည်း  အင်းတော်-ကသာလမ်းပိုင်းတွင် လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသယ်လာသော စစ်ကောင်စီတပ်ကားနှစ်စီးကို KIA၊ KPDF၊ ABSDF ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း Indaw Revolution-IR ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required