ဟယ်ရီပေါ်တာထိုင်ခုံ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ဖြင့် လေလံတင် ရောင်းချ

ဟယ်ရီပေါ်တာထိုင်ခုံ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ဖြင့် လေလံတင် ရောင်းချ

နယူးယော့ခ်၊ ဧပြီ ၈ ။             ။ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည့် ဟယ်ရီပေါ်တာ စာအုပ်နှစ်အုပ်ကို ရေးသားစဉ် စာရေး ဆရာမ ဂျေကေရိုလင်း ထိုင်ခဲ့သော ထိုင်ခုံကို နယူးယော့ခ်မြို့ လေလံပွဲတွင် အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ခန့်ဖြင့် ရောင်းချခဲ့သည်။

ယင်းထိုင်ခုံသည် ၁၉၃၀ ပြည့်လွန်နှစ်က ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသော ထိုင်ခုံတစ်ခုံ ဖြစ်ပြီး ဂျေကေရိုလင်း ကျော်ကြားသော စာရေးဆရာမတစ်ဦး မဖြစ်မီအချိန်က စကော့တလန်နိုင်ငံ အဒင်ဘက်ရှ်မြို့တွင် နေထိုင်စဉ် လက်ဆောင်ရရှိထားသော ထိုင်ခုံလေးခုံအနက် တစ်ခုံဖြစ်သည်။

ထိုင်ခုံတွင် ရိုလင်း လက်ရေးဖြင့် ရေးသားထားသော စာသားများကြောင့် ထိုင်ခုံသည် တန်ဖိုးရှိသွားခြင်းဖြစ်ကြောင်း လေလံပစ်သူ ဂျိမ်းစ်ဂန်နွန်က ပြောကြားသည်။

ယင်းထိုင်ခုံသည် အသက် ၅၀ နှစ်အရွယ်ရှိ ဂျေကေရိုလင်း ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်က ထုတ်ဝေခဲ့သော “Harry Potter and the Philosopher’s Stone” စာအုပ်နှင့်  “Harry Potter and the Chamber of Secrets” စာအုပ်ကို ရေးသားစဉ် ထိုင်ခဲ့သည့် ထိုင်ခုံဖြစ်သည်။

“ဒီထိုင်ခုံဟာ ကျွန်မ လက်နှိပ်စက်ရှေ့မှာ အမြဲတစေထားရှိခဲ့တဲ့ ဇိမ်ကျတဲ့ ထိုင်ခုံတစ်ခုံဖြစ်ပါ တယ်။ ကျွန်မရဲ့ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ ဟယ်ရီပေါ်တာ စာအုပ်နှစ်အုပ်အတွက် စာရိုက်တဲ့ အခါ  ဒီထိုင်ခုံက ကျွန်မကို အထောက်အပံ့ဖြစ်စေတယ်” ဟု ရိုလင်းက ထိုင်ခုံနှင့်အတူ တွဲဖက်ပါ ရှိသော စာတစ်စောင်တွင် ရေးသားထားသည်။ ထိုင်ခုံကို ဝယ်ယူသွားသောသူက နာမည်ကို ဖော်ပြ လိုခြင်း မရှိကြောင်း သိရသည်။

ရိုလင်းသည် ၂၀၀၂ ခုနှစ်ကလည်း ၎င်း၏ ချို့တဲ့သူများ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ထောက်ပံ့မှုများပေးရန် အလားတူထိုင်ခုံတစ်ခုံကို လေလံတင် ရောင်းချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required