ဗုဒ္ဓဘာသာ ညှိုးနွမ်းစေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး 

ဗုဒ္ဓဘာသာ ညှိုးနွမ်းစေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး 
Photo-AFP

ဗုဒ္ဓဘာသာ၏ “ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ရည်” ကို ထိခိုက်အောင် ရုပ်ရှင် ရေးသားရိုက်ကူးခဲ့သည့်အတွက် ဆွစ်ဇာလန်နိုင်ငံသားတဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သောကြာနေ့တွင် ပြောသည်။ 

အသက် ၅၂ နှစ်အရွယ် Didier Nusbaumer ကို “ဗုဒ္ဓဘာသာ ဘုန်းကြီးများ၏ ကျင့်ဝတ်နှင့် သိက္ခာကို ထိခိုက်စေနိုင်သော” ဇာတ်လမ်းတို ရိုက်ကူးမှုဖြင့် ဩဂုတ် ၈ ရက်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်၌ ဆိုသည်။ 

“ဘာမှ မမျှော်လင့်ပါနဲ့” ဟု အမည်ပေးထားသော ၇၅ မိနစ်ခန့်ရှိမည့် အဆိုပါ ရုပ်ရှင်ကို Buddhist YouTube နှင့် TikTok တို့တွင် ဇူလိုင်လအတွင်းက တင်ထားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရုပ်ရှင်ထဲတွင် “မိန်းမငယ်တဦးက ဘုန်းကြီးများ၏ စင်ကြယ်သော အကျင့်သီလကို ထိခိုက်နစ်နာစေခြင်းဖြင့် ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် ရုန့်ရင်းကြမ်းတမ်းစွာ စော်ကားပြောဆိုထားသည်”ဟု ထုတ်ပြန်ချက်၌ ဆိုသော်လည်း အသေးစိတ် မဖော်ပြပေ။ 

ရုပ်ရှင်ထဲ ပါဝင်သည့် အခြား ၁၃ ဦးကိုလည်း ဖမ်းဆီးထားပြီး ၎င်းတို့သည် ဘုန်းကြီးများ၏ အကျင့်သီလနှင့် သိက္ခာ ကျအောင် ဂရုမစိုက်ဘဲ ပြုမူထားသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။ 

“ဒီ ဖမ်းဆီးထားသူတွေကို ထိရောက်စွာ အရေးယူသွားပါမယ်”ဟု ဆိုသည်။ 

Nusbaumer ကို အချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည်လားဆိုခြင်းကို ထုတ်ပြန်ချက်က မဖော်ပြထားပေ။ 

ထင်မြင်ချက်ပေးရန်အတွက် ရန်ကုန်ရှိ ဆွစ်ဇာလန်သံရုံးသို့ အေအက်ဖ်ပီက ဆက်သွယ်ထားသည်။ 

၂၀၁၆ ခုနှစ်အတွင်းကလည်း ညပိုင်း တရားဟောရာ အသံချဲ့စက်ကို ကြိုးများ ဆွဲဖြုတ်ခဲ့သည့် နယ်သာလန် ခရီးသွားဧည့်သည်တစ်ဦးအား ဘာသာရေး ထိခိုက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required