ငါန်းဇွန်တွင် စစ်ဘေးရှောင်နေရသဖြင့် လူမရှိသောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

By MTO(မဇ္ဈိမ)
17 August 2023
ငါန်းဇွန်တွင် စစ်ဘေးရှောင်နေရသဖြင့် လူမရှိသောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့
ပုံညွှန်း- မီးရှို့ခံရသည့် အောင်သုခကျေးရွာကို မြစ်တစ်ဘက်ကမ်းမှ တွေ့ရစဉ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသဖြင့် လူနေထိုင်ခြင်းမရှိသော အောင်သုခကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်းလမ်း၊ ရေလမ်းမှဝင်ရောက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ငါန်းဇွန်မြို့နယ် ရဲပဒိုင်းကျေးရွာဆိပ်ကမ်းမှ သင်္ဘောနှစ်စီး၊ စက်လှေခြောက်စီး ဖြင့် ဧရာ၀တီမြစ်အတိုင်း စုန်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောင်သုခကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ရေဆင်းနှင့် လင်္ကာဒီပကျေးရွာများဘက်မှလည်း ခြေလျင်စစ်ကြောင်းထိုးကာ အောင်သုခကျေးရွာကို ကုန်းလမ်း၊ ရေလမ်း နှစ်ဘက်ညှပ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ် ကြောင်း ငါန်းဇွန်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲမဖြစ်ဘဲ သက်သက်ကြီးဝင်မီးရှို့သွားတာ။ မီးမရှို့ခင်မှာလည်း ပြည်သူတွေထွက်ပြေးနေရလို့ မယူ နိုင်တဲ့ ဆန်၊ ဆီ၊ ဆား၊ ရွှေငွေရတနာ ပစ္စည်းပစ္စယ အကုန်ယူပြီးတော့မှ မီးရှို့တာ” ဟု ငါန်းဇွန်ဒေသခံတဦး က ပြောသည်။

မီးရှို့ခံရမှုကြောင့် အောင်သုခရွာတွင် နေအိမ် ၆၀ ခန့် မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

ပုံညွှန်း- မီးရှို့ခံရသည့် အောင်သုခကျေးရွာကို မြစ်တစ်ဘက်ကမ်းမှ တွေ့ရစဉ်
 

အောင်သုခကျေးရွာသည် ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး အဆိုပါကျေးရွာ အုပ်စုမှ လင်္ကာဒီပနှင့်ရက္ခဒီပကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ များက ပြောသည်။ ထိုကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

အောင်သုခကျေးရွာကိုမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက ရေလမ်း၊ ကုန်းလမ်းများမှ ပြန်လည်ဆုတ်ခွာသွားပြီး ကုန်လမ်းမှပြန်လည်ထွက်ခွာသည့် စစ်ကောင်စီတပ်၏ ထွေလာဂျီတစီး ချောင်းကူးတံတားပေါ်မှ ပြုတ်ကျ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားကြောင်း ငါန်းဇွန် ပကဖထံမှ သိရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required