စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသော ငါန်းဇွန်က စစ်ရှောင် ၄ ဦး ပစ်သတ်ခံရ

By 007 (မဇ္ဈိမ)
15 August 2023
စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသော ငါန်းဇွန်က စစ်ရှောင် ၄ ဦး ပစ်သတ်ခံရ
ဓာတ်ပုံ- ပုံဟောင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ဒေသခံအရပ်သား ခြောက်ဦးသည် ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကြောင်းတခုနှင့် တည့်တည့်တိုးရာမှ ပစ်ခတ်ခံရပြီး လေးဦးသေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကျန်နှစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း မြင်းမူဒေသခံ တဦးက ပြောသည်။

“သူတို့ဘက်မှာ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးခံနေရလို့ ဒီဘက်ကို ပြေးလာကြတာ၊ အဲဒီမှာ ခြောက်ယောက်က စကစတွေနဲ့ တည့်တည့်တိုးပြီး၊ ပစ်ခံလိုက်ရတယ်၊ လေးယောက်ကသေတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်၊ ခြောက်ယောက်စလုံး ငါန်းဇွန်သားတွေ ” ဟု မြင်းမူဒေသခံတဦးက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသူ အရပ်သား စစ်ဘေးရှောင် လေးဦးသည် ငါန်းဇွန်မြို့နယ် မည်သည့်ကျေးရွာကဖြစ်သည်ကို လုံခြုံရေးအရ ပြောပြ၍ မရကြောင်း ၎င်းက ပြောသည်။

ဒေသအတွင်းသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းများ ဆက်တိုက်ထိုးဝင်လာသဖြင့် ကျေးရွာအများအပြားက အရပ်သားပြည်သူ ၂,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ မြင်းမူမြို့ဘက်ထွက်ပြေးကြသူများအနက် လေးဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဒီလဆန်းပိုင်းကစပြီး စစ်ကြောင်းတွေ ထိုးလာတာဆက်တိုက်ပဲ၊ အများစုကတော့ ဧရာဝတီထဲ ဆင်းပြေးကြတယ်၊ တဖက်ကမ်းကူးကြတယ်၊ မြင်းမူနဲ့ ငါန်းဇွန်က မြစ်ပဲ ခြားတာဆိုတော့၊ နီးစပ်ရာ ထွက်ပြေးရင် မြင်းမူဘက်က ပိုနီးတာကိုး၊ မနေ့ကဖြစ်စဉ်က မြင်းမူဘက်ထွက်ပြေးရင်း စကစနဲ့ဝင်တိုးပြီးအပစ်ခံလိုက်ရတာ၊ လူနှစ်ရာလောက်ထွက်ပြေးကြတာ၊ အဲဒီခြောက်ယောက်က စကစနဲ့ ထိပ်တိုက်သွားတိုးတာပဲ” ဟု ငါန်းဇွန် ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့  အင်အား ၁၅၀ ကျော်သည် ကံသာ၊ လင်္ကာဒီပ၊ ယက္ခဒီပ၊ ရေလယ်သောင်၊ နဘဲပင်၊ ထန်းတပင်၊ အောင်သုခ၊ လက်ပံသာ(ဒေသအခေါ်အားဖြင့် တလင်းကုန်း) စသည့်ဒေသတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“ဂျပန်တွေ၊ နယ်ချဲ့အင်္ဂလိပ်တွေထက်ကို ပိုဆိုးတယ်ဗျ” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၅ ရက်နေ့ကလည်း ရေလယ်သောင်ကျေးရွာ စစ်ကောင်စီတပ်၏ စီးနင်းမှုကို ခံရပြီး အသက် ၆၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာတစ်ဦး ကျည်ဆန်မှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့သာစက်မှုဇုန်နှင့် သာကျင်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required