ငါန်းဇွန်တွင် ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူ ၄ ဦး ပစ်သတ်ခံရ

By 007 (မဇ္ဈိမ)
14 August 2023
ငါန်းဇွန်တွင် ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူ ၄ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် သာကျင်းကျေးရွာတွင် ဩဂုတ်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ က ကြံ့ခိုင်ရေးပါတီဝင်တဦးအပါအဝင် လူလေးဦး သေနတ်ဖြင့်ပစ်ခတ်သတ် ခံခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကြံ့/ဖွံ့ တယောက်ပါတယ်၊ နောက်ပြီးတော့ အုပ်ကြီးယောက်ဖနဲ့ အုပ်ကြီးရဲ့ ဆွေမကင်း၊ မျိုးမကင်းထဲက အမျိုးသမီးနှစ်ယောက်ပါတယ်၊ စုစုပေါင်းလေးယောက်ပါ။ သေနတ်သမားက အားလုံးပေါင်း ၁၀ ယောက် ကျော်တယ်လို့ ပြောတယ်။ ဆိုင်ကယ်တွေနဲ့ ဝင်လာပြီး တနေရာစီမှာ သတ်ပြီး ပြန်ထွက်သွားကြတာလို့ သိရတယ်” ဟု ငါန်းဇွန်ဒေသခံတဦးက မဇ္ဈိမကို ‌ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦး၏အဆိုအရ အမည်မသိ လူ ၁၂ ဦးခန့်သည် ဆိုင် ကယ်ခြောက်စီးဖြင့် ရောက်ရှိလာပြီး သာကျင်းကျေးရွာအဝင် တောစပ်အနီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် အသက် ၂၀ အရွယ် ကိုဖုန်းတင့်အား ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့သွားရောက်ကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး၏ ယောက်ဖဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးဟန်လင်း ကျည်ဆန်ငါးချက် ထိမှန်ကာ သေဆုံး သွားသည်။

ဆက်လက်ပြီး ကျေးရွာအရှေ့ဘက်ရှိ ဈေးဆိုင်တဆိုင်တွင်ရောက်ရှိနေသော အသက် ၄၈ နှစ်အရွယ် ဒေါ်လှလှနှင့် အသက် ၂၅ နှစ်အရွယ် မယဉ်မွန်ဇော်တို့လည်း ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ခရိုင် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“လေးယောက်စလုံး  ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ချည်း ပွဲချင်းပြီး သေတယ်”ဟု ရဲနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းတို့ကို မည်သည့်အဖွဲ့၊ မည်သူတို့က ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
ထို့ပြင် အသတ်ခံရသူလေးဦးသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို သတင်းပေးနေသူများဖြစ်ကြောင်း ပြောဆိုကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည် မပြုနိုင် သေးပေ။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် သြဂုတ်လ ၁၁ ရက်နေ့ ညကလည်း နွားထိုးကြီးမြို့နယ် မင်းရွာ စာသင် ကျောင်းအတွင်း ပုန်းအောင်းနေသော ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား အပါအဝင် လူလေးဦး ပစ်သတ်ခံခဲ့ရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required