သင်္ကြန်တွင်အစိုးရသစ်အား အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့မှ အပြုသဘောဆောင်အကြံပြုချက်များနှင့် သံချပ်ထိုးမည်

သင်္ကြန်တွင်အစိုးရသစ်အား အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့မှ အပြုသဘောဆောင်အကြံပြုချက်များနှင့် သံချပ်ထိုးမည်
ဓာတ်ပုံ-ယဉ်မွန်

ဧပြီ ၆၊ ရန်ကုန် ။       ။ လာမည့် ၂၀၁၆ ခုနှစ် သြင်္ကန်ကာလတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် အွန်လိုင်းလေထန်ကုန်းသံချပ်အဖွ့ဲအနေဖြင့် လက်ရှိအစိုးရသစ်အား အပြုသဘောဆောင်သည့် အကြံပြုချက်များဖြင့် သံချပ်ထိုးသွားမည်ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင်များက မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ်ကတည်းက သံချပ်ထိုးကာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိရှိစေဖို့အတွက် အစိုးရကို ဝေဖန်ထောက်ပြမှုတွေနဲ့အတူ သံချပ်ထိုးခဲ့ပေမယ့်လည်း၊ ယခုနှစ်မှာတော့ အစိုးရသစ် တက်လာချိန်ဟာ ရက်ပိုင်းသာရှိသေးတဲ့အတွက် အစိုးရသစ်ကို ကြိုဆိုကြောင်းနှင့် အပြုဆောင်သည့်အကြံပြုချက်တွေနှင့်အတူ လက်ရှိဖြစ်ပျက်နေသော ပြည်သူ့ခံစားချက်တွေကို အဓိကထား သံချပ်ထိုးသွားမည်ဖြစ်ကြောင်း အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့ တည်ထောင်သူကိုစိုင်းမျိုးဇော်ကိုက မဇ္ဈိမကိုပြောသည်။

"အရင်အစိုးရလက်ထက်မှာလည်း တော်တော်များများထောက်ပြခဲ့တာရှိတယ်။ သံချပ်ဆိုတာကတော့ ကောင်းတာကို ချီးမွန်းတဲ့အလုပ်ကိုလုပ်တာမဟုတ်ဘဲ မှားနေတာကို ထောက်ပြတဲ့ အလုပ်ဖြစ်တဲ့အတွက်   သံချပ်ဆိုတာ အပြစ်မြင်တဲ့သဘောသွားဆောင်တယ်လို့ထင်ကောင်းထင်ရတယ်။ ဒါပေမယ့်အစ်ကိုတို့ကတော့ ကောင်းတာတွေကို ပြောပြသလို ဝေဖန်ထောက်ပြရမယ့်ဟာတွေကို ပိုပြောခဲ့တယ်။ ဒါပေမယ့် အခုအစိုးရသစ်တက်လာပေမယ့် အခုအစိုးရကိုတော့ ဝေဖန်ဖို့ စောလွန်းနေသေးတယ်။ အကြံပေးတဲ့သဘောလေးနဲ့ ပြည်သူတွေဘက်ကတောင်းဆိုတဲ့သံလေးတွေ ထည့်ထားတယ် "ဟု ကိုစိုင်းမျိုးဇော်ကို က ပြောသည်။

သံချပ်နှင့်ပတ်သက်၍လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ရိုးရာနှင့်အညီ သံချပ်ကို အကောင်းဆုံးဖြစ်အောင်စီစဉ်ထားတဲ့အပြင်၊ သြင်္ကန်ရက်များတွင် အလှပြယာဉ်ဖြင့်ရန်ကုန်တစ်မြို့လုံးပတ်ကာ သံချပ်များထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

"အစ်ကိုတို့က သံချပ်စလုပ်ကတည်းက မြန်မာ့ယဉ်ကျေးမှုနဲ့အညီ သံချပ်ကိုလုပ်တယ်။ ပရိသတ်ကိုလည်း စိတ်ဝင်စားအောင်လုပ်ထားတာတွေလည်းရှိပါတယ်။   ဖြစ်နိုင်ရင်တော့ မြန်မာ့ယဉ်ကျေးမှု စစ်စစ်ဖြစ်အောင်လုပ်ထားပေမယ့် ခေတ်ကာလပြောင်းလဲလာတဲ့အတွက် စကားလုံးအထားအသိုလေးတွေလည်းကောင်းမွန်အောင်လည်း လုပ်ထားပါတယ်"ဟု ကိုစိုင်းမျိုးဇော်ကိုက မဇ္ဈိမကို ပြောသည်။

လေထန်ကုန်းအွန်လိုင်းသံချပ်တွင် ငြိမ်းချမ်းရေးနှင့်သတ်ဆိုင်သော သံချပ်စာသားများ၊ ကားလမ်းကြောင်းပိတ်ဆို့မှုစာသားများ၊ မြစ်ဆုံစီမံကိန်းများအပြင် ခေတ်ကာလဝတ်စားဆင်ယင်မှုများကိုပါ သရော်သောစာသားများကိုပါ ထည့်သွင်းကာ သံချပ်ထိုးရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required