သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ  ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကား

By ကီရာ (မဇ္ဈိမ)
04 August 2023
သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ  ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကား
စာအညွှန်း- မြန်မာပလာဇာ စျေးဝယ်စင်တာ အတွင်းပုံ

သပိတ်မှောက်ခံထားရသည့် စျေးဝယ်စင်တာ တစ်ခုဖြစ်သော မြန်မာပလာဇာသည် ယခုရက်ပိုင်းအတွင်း   မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ အကြောင်းအရာရှင်းလင်းပွဲ( Press Show )၊ ပရိသတ်တွေ့ဆုံပွဲများ( Fan Meeting ) ဖြင့် ပြန်လည်စည်ကားလာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက် နေ့လယ်  ၁နာရီမှ ၅နာရီအထိ MRTV4 မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ Press Show ၊ Fan Meetingကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် MRTV-4 ၌ထုတ်လွှင့်ပြသခဲ့သော ရောင်စုံခြယ်မြို့ကလေးနှင့် အဖြူရောင်သက္ကရာဇ် ဇာတ်လမ်းတွဲမှ အနုပညာရှင်များက Fan Meeting လုပ်ဆောင်ခဲ့ကြပြီး  လတ်တလော ပြသနေသော အဆိပ်လိုအချစ်နှင့် ပန်းထောင်ခြောက်မှ အနုပညာရှင်များက Press Showအနေဖြင့် လာရောက်ခဲ့ကြကြောင်း သိရသည်။

ထိုနေ့က မြန်မာပလာဇာဝန်းအတွင်း လူများပြည့်ကျပ်လျက်ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ပြောသည်။ 

“ အဲ့နေ့က စနေနေ့လည်း ဖြစ်တော့ အဲ့ပွဲမှာ လူတော်တော်များတယ် ။ ပရိုမိုးရှင်းဧရိယာမှာကော ၊ အပေါ်ထပ်တွေမှာကော လူတွေကအပြည့်ပဲ”ဟု  ၎င်းက ဆိုသည်။ 

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်၂၂ရက်နှင့် ဇူလိုင် ၂၃ရက်တွင်လည်း Mobile Legends ပွဲတစ်ခုဖြစ်သည့် MLBB Fan Match ကိုလည်း မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သေးသည်။ 

လက်ရှိတွင်  ရုပ်သံဇာတ်လမ်းများက  ပရိုမိုးရှင်းများ၊  ပရိသတ်တွေ့ဆုံခြင်းများကို မြန်မာပလာဇာတွင် ဆက်တိုက် လုပ်ဆောင်ခဲ့ကြပြီး စစ်တပ်ထောက်ခံသူများကလည်း ထိုသို့ပြန်လည်စည်ကားလာသည်အပေါ် ၎င်းတို့၏ လူမှုကွန်ရက်တွင် လှောင်ပြောင်ပြောဆိုနေကြသည်။ 

“ မြန်မာပလာဇာကို လူဘယ်လောက်ခြောက်ကပ်နေတယ်၊  ဘာညာပြောနေတဲ့ဟာတွေ လာကြည့်ကြပါဦး ။ နင်တို့ မျက်နှာတွေကို ကြည့်ပြီး ငါတို့က ရယ်ချင်လို့ပါ။ နင်တို့ရဲ့ သူရဲကောင်းတွေကသာ ဘယ်ချောင်ရောက်နေပြီလဲ။  ကြည့်လိုက်။  မြန်မာပလာဇာကတော့ အေးဆေးပဲနော် “ဟု စစ်တပ်ထောက်ခံသူတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ယခုလို ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်မာပလာဇာသည် ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် Free Car Parking အစီအစဉ်ကို ဩဂုတ်လအထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာမှတဆင့် ကြေညာထားခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့်  ဆန္ဒပြလူငယ်များကို မြန်မာပလာဇာလုံခြုံရေး ဝန်ထမ်းများက ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၅ရက်တွင် ရိုက်နှက်ဖမ်းဆီးခဲ့၍ ပြည်သူလူထုက  မြန်မာပလာဇာသို့ သွားရောက် စျေးဝယ်ခြင်းမပြုရန်  သပိတ်မှောက်ထားကြခြင်းဖြစ်သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required