ပုလဲမြို့ပေါ်  အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
29 July 2023
ပုလဲမြို့ပေါ်  အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ် တွင်  စစ်ကောင်စီတပ်သားများ တပ်စွဲနေသည့် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်း ၁ နာရီ အချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိခဲ့တယ်ဟု ချင်းတွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက မဇ္ဈိမကို ယခုလိုပြောသည်။

“ ပုလဲမြို့ပေါ်မှာ စစ်အင်အား ၁၀၀ လောက်နဲ့ ရဲစခန်း နှင့် ထွေအုပ်ရုံးတို့မှာ ခွဲပြီးနေကြတာ ဖြစ်ပါတယ်။ လက်နက်ကြီး ၆၀ မမ နှင့် ၉၀ မမ တို့ကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဘက်ကလည်း ၆၀ တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ် ။ ရဲစခန်း နှင့် ထွေအုပ်ရုံး ရှိ အဆောက်အဦတွေ လက်နက်ကြီးထိမှန် ပျက်စီးသွားတာရှိပါတယ်။ စစ်သားထိခိုက်မှု ရှိပေမဲ့ အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ ဒေါင်းမင်းတပ်ဖွဲ့ ၊ စွန်ရဲ တပ်ဖွဲ့ နှင့် Brave Eagle Revolution Force တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် လှော်ကား ၊ နွယ်ရှောက် ၊ အင်ကြင်းစု ကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ စစ်ကြောင်းထိုးနေတာကို အခွင့်ကောင်းယူပြီး အင်မထီး ပျူရွာက ပျူစောထီးတွေက နွားလှည်းတွေနဲ့ လှော်ကားကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေ ၊ နွားတွေ ၊ ဝက်တွေကို ခိုးယူသွားတယ်။ ရွာက အင်မထီး ပျူရွာနဲ့ နီးတော့ အကြိမ်ကြိမ် လုယက်ခံနေရတယ်” လို့ လှော်ကားဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ယခု အချိန်တွင် အင်မထီးပျူရွာကို ရောက်ရှိနေပြီး ယင်းကျေးရွာ နှင့် နီးစပ်သည့် ကျေးရွာများမှာ ယခုအချိန်ထိ နေရပ်ကို မပြန်ရဲသေးဘဲ ရှောင်တိမ်းနေရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required