အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် CNF တိုက်တွန်း

By ပါခွီး (မဇ္စျိမ)
21 July 2023
အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် CNF တိုက်တွန်း

အိမ်နီးချင်းနိုင်ငံများတွင်ရောက်ရှိနေသော ချင်းလူမျိုးများအနေဖြင့် ပြည်တွင်းနိုင်ငံရေးကို ပါဝင်စွက်ဖက်ခြင်းမပြုကြရန်နှင့် အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က  ထုတ်ပြန်သည်။

CNF ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ထုတ်ပြန်ခဲ့ရာ၌ ယင်းသို့ ချင်းပြည်သူများကို ဇူလိုင်လ ၁၆ရက်နေ့တွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် တရားမဝင်သောနည်းလမ်းဖြင့် နိုင်ငံသားအသိအမှတ်ပြုကဒ်များရယူခြင်း မပြုလုပ်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောတရားမဝင်လှုပ်ရှားမှုများ မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“အခုလိုထုတ်ပြန်တာကောင်းပါတယ် ၊ ကျနော်တို့ နိုင်ငံသားတွေကလည်း ထိန်းသိမ်းဘို့လိုနေတာတွေရှိပါတယ် ၊ ကိုယ်တွေက နိုင်ငံခြားသားဖြစ်နေပြီး ဒီဖက်ကနိုင်ငံရေး ပါတီတွေကို ထောက်ခံနေတဲ့အကြောင်း လူသိရှင်ကြားပြောဆိုနေတာတွေက သူတို့ နိုင်ငံရေးတွေကြားမှာ ကြားညှပ်သွားမဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမ ကိုပြောသည်။

မြန်မာပြည်မှ လာသောစစ်ဘေးရှောင်များထဲတွင် ဒေသခံနိုင်ငံသား အထောက်အထားများကိုသာမက ပတ်စပို့များရယူနိုင်ရန်ကြိုးစားမှုများရှိလာနေသဖြင့် ဒေသခံများ၏ ငြိုငြင်မှုကို ခံလာရနိုင်ကြောင်း ဆိုသည်။
အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းနှင့် တရားမဝင်မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများကို CNF နှင့် မဟာမိတ်များက လုံးဝ သည်းခံမည်မဟုတ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံမှ တင်သွင်သော ဘိန်းဖြူအပါအဝင် စိတ်ကြွဆေးများမှာ မီဇိုရမ်ပြည်နယ်အတွင် ယခုလတွင် ဖမ်းဆီးမှု နှစ်ဆခန့်မြင့်တက်လာနေကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ချင်းလူမျိုး များအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက်များကို လက်မခံဘဲ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းလူမျိုးများ၏ အကျိုးစီးပွားအတွက်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေးစီရေးတို့အတွက် ရည်မှန်းချက်များမြှင့်တင်ရန်အတတ်နိုင်ဆုံးကြိုးပမ်းနေကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

စာတည်း  - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required