ကျောက်ဆည်တွင် ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရ

By 007 (မဇ္စျိမ)
15 July 2023
ကျောက်ဆည်တွင် ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီး၊ ကျောက်ဆည်-စက်မှုဇုံသွား ကားလမ်းဘေးတွင် ယနေ့နံနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"နာမည်က ဦးမျိုးအောင်တဲ့၊ စကစအတွက် မီတာခလိုက်ကောက်တဲ့အလုပ်လုပ်တယ်၊ မနက်က ကျောက်ဆည်မီတာရုံးမှာ မီတာဖိုးတွေသွားသွင်းပြီးပြန်အလာမှာ အပစ်ခံရတာ၊ ဆိုင်ကယ်နဲ့နှစ်ယောက်က နောက်ကနေလိုက်လာပြီး ပစ်သွားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က၊ ကျောက်ဆည်မြို့နယ်၊ရဲဘော်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမျိုးအောင်(အသက်၄၇ နှစ်)သည်၊ ကျေးရွာအတွင်းမှ မီတာကြေးကောက်ခံရရှိငွေများကို ကျောက်ဆည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပေးသွင်းပြီးအပြန်၊ ဆိုင်ကယ်ဖြင့်လိုက်လာသူ နှစ်ဦးက၊ အခင်းဖြစ်နေရာအရောက်တွင်၊ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးမျိုးအောင်တွင် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ စုစုပေါင်းဒဏ်ရာငါးချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးတိုင်းတွင် ဇွန်လ ၃ ရက်နေ့မှ ယနေ့အထိ၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားတွင် ပူးပေါင်းပါဝင်သော ကြံ့ခိုင်ရေးပါတီဝင် ငါးဦး၊ သေနတ်ဖြင့်ပစ်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ယမန်နှစ်လယ်ပိုင်းအထိ ကြံ့ခိုင်ရေးပါတီ၀င်များနှင့် ၀န်းရံထောက်ခံသူ စုစုပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ပါတီ၀င်များသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် ခြင်းမရှိတော့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required