တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ ကလလတတပ် ကြေညာ

By ဂျူချန်း (မဇ္ဈိမ)
01 July 2023
တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ ကလလတတပ် ကြေညာ

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြိး အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ တောင်ပေါ်မြေပြန့် ဒေသအနှံ့က တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောထားပါတယ်။

ကလလတ တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလ ကနေစပြီး ကရင်နီလူငယ်တွေကို စစ်သင်တန်းပေးတာအပြင် အဖက်ဖက်ကနေ ကူညီပေးခဲ့ပြီး အခုလို တရားဝင်ကြေညာလိုက်တာဟာ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးရဲ့ အရွေ့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ KNDF ဗဟို သတင်းနဲ့  ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ယောက် မဇ္ဈိမကို ပြောပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ ပစ်အခတ်ရပ်စဲပြီး တပ်ဖွဲ့ဝင်တချို့ကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာတော့ ကလလတဟာ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ပထမဦးဆုံး နယ်ခြားစောင့်တပ်တစ်ခု ဖြစ်လာသလို ဒါဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

တည်းဖြတ်/တင်ဆက်= ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required