အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ၁၀ ဦးကို ဆူပူမှုပုဒ်မဖြင့် စစ်ကောင်စီဖမ်းဆီး

By မောင်ခက်နွေ (မဇ္ဈိမ) 
29 June 2023
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ၁၀ ဦးကို ဆူပူမှုပုဒ်မဖြင့် စစ်ကောင်စီဖမ်းဆီး
ပုံစာ - အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ်(AFP)

အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့် အစည်းတစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အလုပ် သမားများအပါအဝင် ၁၀ ဦးကို  ဆူပူဆန္ဒပြရန်သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ က ဖမ်းဆီးလိုက်ကြောင်း အလုပ်သမားအဖွဲ့တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

အလုပ်သမားအရေးကူညီဆောင်ပေးနေသည့် Action Labor Rights အလုပ်သမားအဖွဲ့ ခေါင်းဆောင် များနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အလုပ်သမားများကို ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော် မှုပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Action Labor Rights အလုပ်သမားအဖွဲ့သည် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့်  Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော် သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ၁၀ ဦးမှာ Action Labor Rights အလုပ်သမားအဖွဲ့မှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တဦး၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦး၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က နာမည်ကျော် ZARA ၊ Pull& Bear အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်ပေးနေသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံ မှ အလုပ်သမား ၆၀၀ ကျော်သည် အခြေခံလုပ်ခလစာ ၄,၈၀၀ ကျပ်မှ ၅,၆၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ် ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းနောက် အထည်ချုပ်စက်ရုံဘက်က အလုပ်သမားခေါင်းဆောင်များကို ဇွန်လ ၁၆ ရက်နေ့တွင်  ရွှေပြည်သာမြို့နယ် ထွေအုပ်ရုံးတွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက် အပြန်လမ်းမှာတွင် စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

အလားတူ Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှ အလုပ်သမားအရေး တောင်းဆိုဆန္ဒပြသည့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

Sun Apparel  ( Myanmar) အထည်ချုပ်စက်ရုံသည် ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် (၁၇) ရပ်ကွက်၊ စက်မှုဇုန် (၅) အမှတ် (၈၇)  မလိခလမ်း၌ တည်ရှိသည့် ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်သည်။ 
စစ်ကောင်စီသည် ထိုစက်ရုံနှစ်ခုမှ အလုပ်သမားခေါင်းဆောင်များကိုဖမ်းဆီးပြီးနောက် အလုပ်သမားများ အရေး ဝင်ရောက်ညှိနှိုင်းကူညီပေးခဲ့သည့် Action Labor Rights  အလုပ်သမားအဖွဲ့ ထိပ်တန်းတာဝန်ရှိသူ များကိုလည်း ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ ထပ်မံဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူမှုဖြစ်ပေါ်လာအောင် နောက်ကွယ်ကသွေးထိုးလှုံ့ဆော် ဝါဒဖြန့် သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီးထားသူများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားကြောင်း အလုပ်သမားများက ပြောသည်။

ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံနှင့် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်း ဆောင်များ ဖမ်းခံရပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး(EU)က လုပ်ခ လစာတိုးတောင်း၍ ဖမ်းဆီးခံထားရသည့် စက်ရုံအလုပ်သမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

“လုပ်ခလစာတိုးတောင်းတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရတာနဲ့ ဆက်လက်ဖမ်းဆီးနေတာတွေကို စိုးရိမ်တယ်”ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် (ILO) ၏ ကြေညာစာတမ်းနှင့်အညီ ဆောင်ရွက်ရန်လည်း EU က တောင်းဆိုထားသည်။ 

အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်သမားရေးတက် ကြွလှုပ်ရှားသူ ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) က ယခုနှစ်ဧပြီလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required