မတ္တရာတွင် သွေးသောက်အဖွဲ့၀င်အား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း  မြနန္ဒာ စစ်ဆင်ရေးသတင်းထုတ်ပြန်

By 007 (မဇ္ဈိမ)
23 June 2023
မတ္တရာတွင် သွေးသောက်အဖွဲ့၀င်အား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း  မြနန္ဒာ စစ်ဆင်ရေးသတင်းထုတ်ပြန်

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ ရှားစေးချက်ကြီးကျေးရွာတွင် ယမန်နေ့ ဇွန်လ ၂၂ ရက်က သွေးသောက်အဖွဲ့၀င်တစ်ဦးအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)က သတင်းထုတ်ပြန်သည်။ 

 ယမန်နေ့ဇွန်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ၀န်းကျင်တွင် ၎င်းအား ကြံ့ခိုင်ရေးပါတီ၀င်ကတ်ပြားနှင့်တကွ စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီအရေးယူရန် ဖမ်းဆီးခေါ်ဆောင်လာစဉ်  ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

“ အထောက်အထားတွေနဲ့တကွ စစ်ဆေးတွေ့ရလို့ လုပ်ထုံလုပ်နည်းတွေနဲ့အညီ ဖမ်းဆီးခဲ့တယ်။ စခန်းကိုခေါ်လာတုန်း လမ်းမှာ ပြန်ခုခံ တယ်။ အဲဒါနဲ့ပဲ ရဲဘော်တွေက ရှင်းလင်းပစ်ခဲ့ရတယ်။ အလောင်းကိုတော့ လမ်းမှာပဲထားခဲ့လိုက်တယ် “ ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)တာ၀န်ရှိသူတစ်ဦးက ပြောသည်။

မသင်္ကာဖွယ်ရာလူတစ်ဦး ထိုကျေးရွာတွင် ရောက်ရှိနေကိုသိရှိရ၍  Never Give Up Fighter Force ရဲဘော်များက သွားရောက်စစ်ဆေးရာ ဆရာဦးပိုင်(ခ)ဦးပိုင် ဆိုသူဖြစ်ပြီး ၎င်းတွင် သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ ကတ်ပြား တစ်ခု ၊ ကြံ့ခိုင်ရေးပါတီဝင်ကတ်ပြား တစ်ခု၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါရင်ထိုး တစ်ခု၊  စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကိုင်ဆောင်သော စကားပြောစက်(ဝေါ်ကီတော်ကီ) တစ်လုံးနှင့် မိုဘိုင်းဖုန်း  နှစ်လုံးတို့ကို တွေ့ရှိရကြောင်း သိရသည်။ 

“ မနှစ်ကလည်း ဇူလိုင်လကြီးထဲမှာ ပျူသင်တန်းပေး ဆရာအောင်မင်းထွန်း အသတ်ခံရတယ်။  သူက ပုသိမ်ကြီး ခမရ (၁၁၆ ) က တပ်ကြပ်ကြီး။ ရွာသားဟန်ဆောင်ပြီး တစ်ရွာ၀င်တစ်ရွာထွက်လှည့်နေရင်း ခတက်ချဉ်ရွာနားမှာ သေနတ်နဲ့ပစ်သတ်ခံရတယ် “ ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာသော အနီရောင်သွေးသောက်အဖွဲ့သည်  မတ္တရာမြို့နယ်အတွင်း ခြေကုပ်ယူကာ ဒေသခံပုံစံ ဟန်ဆောင်၍ စစ်သင်တန်းပေးခြင်း၊ NLD ပါတီ၀င်များနှင့် ပါတီထောက်ခံသူများအား သတ်ဖြတ်အလောင်းစွန့်ပစ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required