ကျုံဒိုးမြို့နယ်ရှိ လျှပ်စစ်ရုံးဝင်းအတွင်းသို့  ဒရုန်းဖြင့်ဗုံးသီးချရာ စစ်ကောင်စီတပ်သား ၂ ဦးသေ

By YT  ( မဇ္ဈိမ)
21 June 2023
ကျုံဒိုးမြို့နယ်ရှိ လျှပ်စစ်ရုံးဝင်းအတွင်းသို့  ဒရုန်းဖြင့်ဗုံးသီးချရာ စစ်ကောင်စီတပ်သား ၂ ဦးသေ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ခုနစ်တိုင်လျှပ်စစ်ရုံးအတွင်း ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးထိခိုက်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

ဇွန်လ ၁၉ ရက်၊ ညနေ ၅ နာရီခန့်တွင် ဂဠုန်စစ်ကြောင်း Fixed - Wing Drone တပ်ဖွဲ့ (Spring UAV Force- G3) က အဆိုပါလျှပ်စစ်ရုံးဝင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကိုယ်တိုင် နည်းပညာအဆင့်မြှင့်တင်၍ တီထွင်ဆန်းသစ်ထားသော 010 (ဇီးရိုး ဝမ်း ဇီးရိုး) ဟု အမည်ပေးထားသည့် Fixed- Wing ဒရုန်းကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

" လျှပ်စစ်ရုံးဝန်ထမ်း ရှိကောင်း ရှိနိုင်ပေမယ့် စစ်ကောင်စီအများစု စုဝေးနေတတ်တဲ့ နေရာကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဗုံးသီးကို အပြစ်မဲ့ပြည်သူတွေမထိခိုက်ရအောင် တစ်လုံးပဲ ချခဲ့ပါတယ် " ဟု ဂဠုန်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမသို့ပြောသည်။ 

ခုနစ်တိုင် လျှပ်စစ်ရုံးသည် ကျုံဒိုးမြို့နယ်မှ ကော့ကရိတ်မြို့နယ်ဘက်သို့အထွက် လမ်းမပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်သားများစုဝေးရာနေရာသို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂဠုန်စစ်ကြောင်း Fixed- Wing Drone တပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိသော်လည်း ဇွန်လ ၂၀ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်များအနက် အချို့သည် မိဂလုံကျေးရွာအနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဂဠုန်စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံကပြောသည်။ 

ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း ကျုံဒိုးမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၄၅) တပ်ရင်းအား ဂဠုန်စစ်ကြောင်း Fixed- Wing Drone အဖွဲ့က Fixed- Wing ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရဲနှင့် စစ်သားငါးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required