နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅  ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်က ဇွန် ၆ ရက်မှ ၈ ရက် အတွင်း ဒေသခံပြည်သူ ၂၆ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
•    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ(ခ)နိုင်ထွန်းဖေ နှင့် NLD ပါတီမှ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းတို့၏ နေအိမ် များကို စစ်ကောင်စီမှ ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
•    အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စား လှယ်ကို အသိအမှတ်ပြုသင့်သည့် အခြေအနေရောက်နေပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၁၃ ရက်က ပြုလုပ်ခဲ့ပြီး တိုင်း နှင့် ပြည်နယ် အလိုက် သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊  အလုပ်သမားရေး ဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်တို့သည်  ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)၊ အမေရိကန်အစိုးရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ တာဝန်ရှိသူများ နှင့် ဇွန် ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၄ ရက်၊ နေ့လယ် ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး CRPH ၏ ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြ ခြင်းကို ဇွန် ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ မုံရွာ- အမြင့်လမ်း သပိတ်အင်အားစုများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ယနေ့ ဇွန် ၁၅ ရက်တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၅ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြောင်လူငယ်ကွန်ရက်မှ ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ ဇွန် ၁၅ ရက်၊ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဂရရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၁၅ ရက်၊ နံနက် ၅ နာရီခွဲအချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို ဇွန် ၁၅ ရက်၊ နံနက် ၅ နာရီခန့်တွင် စစ်တပ်က တတိယ အကြိမ်မြောက်အဖြစ် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ် (GTC) တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဇွန် ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force- Monywa တပ်ဖွဲ့မှ ကိုလင်းယုန်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သာဇင်ကျေးရွာကို ဇွန် ၁၃ ရက်က စစ်တပ်က မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ခန့်ပြာကျပြီး အသက် ၆၀ အရွယ် ဒေါ်သန်းမြင့် မီးလောင်သေဆုံးကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နှင်းတောရွာကို ဇွန် ၁၄ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ပေါင်း ၆၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
•    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း၏ စွပ်စွဲချက်သည် မှားယွင်းနေပြီး ယင်းဖြစ်စဥ်အပေါ် NUG အနေဖြင့် စုံစမ်းစစ်ဆေးပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာ၀န်ခံဗိုလ်ကျားသစ်က ပြောသည်။
•    ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ခိုက်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် Dark Side Revolution Burma (DSRB) အဖွဲ့အနေဖြင့် မြေပြင်လိုအပ်ချက်များ မဖြည့်ဆည်းနိုင်မှုကြောင့် လတ်တလော တွင် ရပ်နားထားရသည့် မြို့ပြမစ်ရှင်များရှိကြောင်း DSRB တပ်ဖွဲ့ တာဝန်ခံ Seven က ပြောသည်။
•    မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ်အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ထက်ကိုလင်းကို ဇွန် ၁၄ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပြေးစခန်းကို ဇွန် ၁၄ ရက်၊ ညပိုင်းတွင် ဆိုင်ကယ်ဖြင့် အမည်မသိ သေနတ်သမား ၃ ဦး လာရောက်ပစ်ခတ်ခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဇွန် ၁၃ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့၊အမှတ် (၃) ရပ်ကွက်နေ ကုန်မာ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက PDFကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီး ပြီးနောက် ငါးရက်အကြာ ဇွန် ၁၃ ရက်၊ ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
•    ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံအနောက်ခြမ်း၊ ခေါင်းအိကျေးရွာအုပ်စုတွင် ဇွန် ၃ ရက်မှ ၁၃ ရက်အထိ ဖြစ်ပွားခဲ့သော ၁၀ ရက်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သည်။
•    ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ပြန်လာသည့် ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဇွန် ၁၄ ရက်က ပစ်သတ်ခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။
•    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ သုံးရက်အတွင်း အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers အဖွဲ့က ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
•    အာဏာသိမ်းမင်းအောင်လှိုင်၏ စစ်အုပ်စု သိသိသာသာ တပ်ပျက်လာသည့်အတွက် ကိုယ့်တပ်ကိုယ် စောင့်ကြည့်နေရသည်ဟု CDM စစ်သားအရာရှိများ နှင့် စုဖွဲ့ထားသည့် ပြည်သူ့ပန်းတိုင်အဖွဲ့က သိရ သည်။
•    ၂၀၂၃ ခုနှစ် ၅ လကျော်ကာလတွင် စစ်ကောင်စီက သေဒဏ် အမိန့်ချထားသူ ၁၅ ဦးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
•    ဂျပန်နိုင်ငံတွင် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀ ကျော်ရရှိကြောင်း နွေဦးရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့က ထုတ်ပြန် ပြောဆိုသည်။
•    ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အမှတ်တရ အနေဖြင့် မင်းကိုနိုင်၏ ဝေမြဲနှင်းဆီ ကဗျာကို သီချင်းအနေဖြင့် ဖန်တီးထားသည်ဟု ဒါရိုက်တာ ကိုပေါက်က အသိပေးထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ထီးမေဘော တံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ဇွန် ၁၄ ရက်၊ ညနေ ၅ နာရီ၄၅ မိနစ်ခန့်က KNLA တပ်ရင်း ၂၇၊ ခွဲ ၃ တပ်စုက စောင့်ကြိုပစ်ခတ် တိုက် ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကို ဇွန် ၁၄ ရက်၊ နံနက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ် တစ်နေရာတွင် အကျဉ်းချုံး ပြုလုပ် ကျင်းပခဲ့ကြောင်း သိရ သည်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
•    ရှမ်း-ကယားအစပ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာ နှင့် စက်တော်ကျေးရွာကို စစ်ကြောင်းထိုး ချီတက်လာသည့်အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး ညီနောင်တပ်ပေါင်းစုက ၁၁ ရက်ကြာ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့သည်ဟု IPDF (P3-1009) တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
•    စစ်ကောင်စီနှင့် စစ်ရေးတင်းမာမှုမြင့်တက်နေသည့် တအောင်း လက်နက်ကိုင်အဖွဲ့ TNLA က တအောင်းထီ လက်မှတ်တစ်စောင်ကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး ဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြှင့်မည် ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ
•    မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို လာမည့် ဇူလိုင်လဆန်းပိုင်း ပထမပတ်အပြီးတွင် မြို့နယ်အားလုံးကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်ပေးနိုင်ရန် ကြိုးပမ်းသွားရမည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဇွန် ၁၄ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
•    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပနိုင်ငံများ နှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
•    e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီး ဥပဒေအရ နိုင်ငံသားအရည် အချင်းပြည့်မီသူအားလုံးကို National ID ထုတ်ပေးနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ဇွန် ၁၄ ရက်က ပြုလုပ်သည့် e-ID စနစ် လုပ်ငန်းကော်မတီ အစည်းအဝေး ပြောသည်။
•    ၂၀၂၃ ခုနှစ် အပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို နေပြည်တော်က မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်) နှင့် ရန်ကုန်မြို့က မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးခွဲ)တို့တွင် ထုတ်ပေးနေပြီး အခြားမည်သည့်နေရာမှာမှ ထုတ်ပေးမည် မဟုတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
•    အောင်ဘာလေထီ နှင့် အောင်ဘာလေ အွန်လိုင်းထီလက်မှတ်ရောင်းချရငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ထီဆုမဲ အဖြစ် ချီးမြှင့်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက သိရသည်။
•    ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် နှင့် အတွင်းဝန်ရုံးကို အများပြည်သူများ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်း စစ်ကောင်စီထံမှ သိရသည်။
•    ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များတွင် ဖုန်းမှတဆင့် Mobile Application အသုံးပြု၍ QR Code နှင့် ယာဉ်စီးခ ပေးချေနိုင်သည့်စနစ်ကို ယခု ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန် စီစဥ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ YRTC ထံက သိရသည်။
ဇွန် ၁၅ ရက် သုံးသပ်ချက်
•    တိုက်ပွဲပြင်းထန်နေသည့် ရှမ်း-ကယား နယ်စပ်တွင် စစ်တပ်က ဒေသခံပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအပေါ် နိုင်ငံတကာမှ ထိထိရောက်ရောက် အရေးယူရန် လိုအပ်နေသည်ကို တွေ့ရသည်။
•    စစ်ကောင်စီတပ်တွင် CDM ပြုလုပ်သူများ နှင့် တပ်ပြေး များပြားနေသည့်အတွက် ကိုယ့်တပ်ကိုယ် စောင့်ကြည့်နေသည့် အနေအထား ဖြစ်လာပြီး တပ်ပျက်နေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required