ILOအနေဖြင့် NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီဟု အလုပ်သမားရေး ဒုဝန်ကြီးပြော

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
15 June 2023
ILOအနေဖြင့် NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီဟု အလုပ်သမားရေး ဒုဝန်ကြီးပြော
Photo- AFP/ပုံဟောင်း

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်သည့် အခြေအနေရောက်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကဆိုသည်။

“နှစ်နှစ်ကြာတဲ့အချိန်မှာတော့ NUG ကိုယ်စားလှယ်အဖွဲ့ကို ILO အနေနဲ့ အသိအမှတ်ပြု လက်ခံသင့်တဲ့အခြေအနေ ရောက်နေပါပြီ “ဟု အလုပ်သမားရေးဒုတိယဝန်ကြီး ဦးကျော်နီက မဇ္ဈိမကိုပြောသည်။

NUGသည်  ILOညီလာခံများတွင် ကိုယ်စားလှယ်အဖြစ် ဆွေးနွေးခွင့်ရရေးအတွက် ၂၀၂၁ခုနှစ်ထဲက ကိုယ်စားလှယ်အဖွဲ့စာရင်းကိုပေးပို့ခဲ့သော်လည်း ILOအနေဖြင့် အသိအမှတ်ပြုခြင်းမရှိသေးပေ။

ထို့အတူစစ်ကောင်စီဘက် တင်သွင်းသည့် ကိုယ်စားပြုကိုယ်စားလှယ်ကိုလည်း တက်ရောက်ခွင့်မပေးသေးဘဲ  မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်။

ထိုသို့မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်မှာ ညီလာခံသုံးခုမြောက်ရှိနေပြီဖြစ်နေသည်။ ကိုယ်စားလှယ်နေရာချန် လှပ်ထားခဲ့ရခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ အတိုင်းဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ILOက ဆိုသည်။

“ILO ဟာ အစိုးရတွေကိုပဲ ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး။  သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ဖြစ်နေပေမယ့် မိမိအဖွဲ့မှာလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်။ ILO ဟာ စစ်အာဏာရှင် စနစ်အောက်မှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ သဘာဝကို ကောင်းကောင်းသိရှိပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင့်ခဲ့တဲ့ အစဉ်အလာရှိပါတယ် “ဟု ဦးကျော်နီကပြောသည်။

ILOသည် လက်ရှိအချိန်တွင် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင်နေကြသော်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုတားဆီးနိုင်ရေးအတွက် NUG ကိုအသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း လည်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် အလုပ်သမားအများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်များကိုခံနေရသည့်အပြင် လုပ်အားခပြဿနာများ၊ အလုပ်သမားအဖွဲ့စည်းများ ဖွဲ့စည်းနိုင်ခွင့်အပါအဝင် အလုပ်သမားအခွင့်ရေးများလည်း ဆုံးရှုံးနေရသည်။

 အကယ်၍ NUGကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများကို ညီလာခံတွင် တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများကလည်းဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required