အမရ စစ်သည်တော် အဖွဲ့ ၉မမ SIG လက်လုပ် သေနတ် ထုတ်လုပ်အောင်မြင်

By မောင်ခက်နွေ (မဇ္ဈိမ)
04 June 2023
အမရ စစ်သည်တော် အဖွဲ့ ၉မမ SIG လက်လုပ် သေနတ် ထုတ်လုပ်အောင်မြင်

အမရစစ်သည်တော်များအဖွဲ့ (မန္တလေး) (AMY) အနေဖြင့် ၉ မမ SIG လက်လုပ် သေနတ်များ ထုတ်လုပ်အောင်မြင်ထားပြီး အခြား PDF အဖွဲ့များကိုလည်း ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း AMY ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်၊။

လက်နက်စရိတ်ကြီးမြင့်နေပြီး မြို့ပြမစ်ရှင်များပြုလုပ်သည့် ရဲဘော်တိုင်းကို လက်နက်၀ယ်မပေးနိုင်သည့်အတွက် အသေးစား သေနတ် တစ်မျိုးဖြစ်သည့် ၉ မမ လက်လုပ်သေနတ်ကို ကိုယ်တိုင် ထုတ်လုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ တစ်ထောင့်ထိုးလည်း ထုတ်တယ်။ စတာတော့ မိုင်းနဲ့ စတင်ခဲ့တာပေါ့။ အဲ့ကနေတစ်ဆင့် နည်းပညာတိုးလိုက်တဲ့ အချိန်မှာ ရှော့ဂန်းတွေထုတ်တယ်။ လက်နက်ကြီး ပိုင်းအနေနဲ့ဆို ၆၀ မမ, ၄၀ မမ, ၈၀ မမ ဆိုပြီးထုတ်တယ်။ အောင် လည်း အောင်မြင်ခဲ့ပါတယ်”ဟု AMY၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထုတ်လုပ်ထားသည့် ၉မမ SIG သေနတ်ကို ၁၅ လက်သာ ကန့်သတ်ထုတ်လုပ်သွားမည်ဖြစ်ပြီး ၎င်းတို့ ထုတ်လုပ်ခဲ့သည့် လက်နက်များကို ပြန်လည်းရောင်းချခြင်းမရှိဘဲ မြို့ပြပြောက်ကျား အဖွဲ့များကို လက်နက် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ အောင်စည်တော် အဖွဲ့ဆို ကျွန်တော်မြို့တွင်း မစ်ရှင်တွေမှာ SIG အကြီးစားတွေ လှုဒါန်းထားတာရှိသလို တခြားမြို့ပြ မစ်ရှင်တွေကိုဆောင်ရွက်နေတဲ့ အဖွဲ့များစွာကိုလည်း လှူဒါန်းတာတွေ ပြုလုပ်ပေးနေတယ်။ ကျွန်တော်တို့ အနေနဲ့ တစ်ကျပ်တစ်ပြားမှ မယူခဲ့ဘူးလို့" ၎င်းက ပြောသည်။

မုံရွာအခြေစိုက် ပြောက်ကျားအဖွဲ့ဖြစ်သည့် GOD OF SNAKEအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မဟာမိတ်ညီနောင် အဖွဲ့ဖြစ်သည့် AMY ထံမှ လက်လုပ် ၄၀မမ တစ်လက်နှင့် ၉မမပစ္စတိုတစ်လက် လက်ခံရရှိထားကြောင်း မဇ္ဈိမကို ပြောသည်။

AMY ကို ဖွဲ့စည်းထားသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်သားများကို ရှင်းလင်းတိုက်ထုတ်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

#Mizzma

#အမရစစ်သည်တော်များအဖွဲ့

#၉မမ SIG လက်လုပ် သေနတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required