CDM တွင် ပါ၀င်ထားသည့် ဆင်ထိန်းနှင့် ဆင်များ စားဝတ်နေရေး ခက်ခဲနေ

By ရောင်နီ (မဇ္ဈိမ)
30 May 2023
CDM တွင် ပါ၀င်ထားသည့် ဆင်ထိန်းနှင့် ဆင်များ စားဝတ်နေရေး ခက်ခဲနေ

။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)၌ ပါ၀င် ထားသည့် ဆင်ထိန်းနှင့်ဆင်များ စား၀တ်နေရေး အခက်အခဲဖြစ်နေကြောင်း ကျောက်လုံးကြီး (KLG) တပ် မဟာမှတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

အာဏာသိမ်းပြီးနောက် ကနီမြို့နယ်အတွင်းရှိ ဆင်ဦးစီးအိမ်ထောင်စု ၃၂ စု၊ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်သည် ၎င်းတို့ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင် ၃၆ ကောင်နှင့်အတူ CDM ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

“အဓိကက စား၀တ်နေရေး အခက်အခဲဖြစ်နေတာ။ အရင်က ၀န်ကြီးဌာနက ထောက်ပံ့တာရှိတယ်။ အခု နောက်ပိုင်းမှာတော့ ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တာမရှိဘူး။ ဆင်တွေ ကျန်းမာရေးမကောင်းရင် တော့ ဆေးဝါးကုသဖို့အဆင်မပြေဘူး။ ဆေး၀ယ်ဖို့ ပိုက်ဆံမရှိကြဘူး”ဟု ကျောက်လုံးကြီးတပ်မဟာမှ တာ၀န်ရှိသူကိုအေပီက မဇ္စျိမကို ပြောသည်။

CDM ၀င်ရောက်ထားသည့် ဆင်ဦးစီးများနှင့် ဆင်များကို ယခင်က အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက် ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့မှုများရှိခဲ့သော်လည်း ယခုအခါ ထောက်ပံ့မှုများ မရရှိတော့သည့် အတွက် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဆေးဝါးကုသမှု လုံလောက်စွာ မပေးနိုင်သည့်အတွက် သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

“အာဏာသိမ်းပြီးကတည်းက CDM ၀င်ထားတဲ့ဆင်တွေအပြင် ဒီရောက်မှထပ်မွေးတာ နှစ်ကောင်ရှိ တယ်။ ဆင်ရိုင်းကနေ ဆင်ယဥ်ဖြစ်အောင် ပြန်ပြီးလေ့ကျင်ထားတာတွေရှိတယ်။ ဆေးဝါးကုသမှု အလုံ အလောက် မပေးနိုင်လို့ သေဆုံးသွားတဲ့ ဆင်တွေလည်း ရှိပါတယ်” ဟု KLG တပ်မဟာ တာ၀န်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် ဆင်ဦးစီးများမှာ ၎င်းတို့၏ စား၀တ်နေရေးအတွက် တောင်ယာလုပ်ကိုင်စားသောက် ခြင်းများရှိသကဲ့သို့ အချို့မှာလည်း လက်နက်ကိုင်တိုက်ပွဲများတွင်ပါ၀င်ကာ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

CDM ၀င်ရောက်ထားသည့် ဆင်များသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ အကူအညီတောင်းခံမှုရှိပါက ပစ္စည်းသယ်ယူပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိနေကြောင်း သိရသည်။

“ဆင်ဦးစီးတွေမှာ စားဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်။ အဲ့ဒါအဆင်ပြေသွားရင် ဆင်တွေကိုပဲ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာပါ။ ရိက္ခာတွေ ကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု KLG တပ်မဟာ တာ၀န်ရှိသူ ကိုအေပီက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဆင်ဦးစီးမျာ၏ စား၀တ်နေ ရေး အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်ဝိုင်း၀န်းကူညီပေးကြပါရန်လည်း ကျောက်လုံးကြီး KLG တပ်မဟာ က ပြည်သူများကို မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကနီမြို့နယ်

#CDM

#ဆင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required