နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ မေလ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ မေလ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPDF) က ညီလာခံပြုလုပ်၍ ကာကွယ်ရေးဌာန ၊ မဟာဗျူဟာ လေ့လာရေးနှင့် သုသေသနဌာန၊ အရပ်ဖက်အကြံပေး အဖွဲ့ အပါအဝင်ဌာနကြီး (၈) ခုကို ထပ်တိုး ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့မှာရှိတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု ကို မေ ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်သည့် သားကောင်အဖြစ်က ရုန်းထွက်တွန်းလှန်တော်လှန်ကြရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ 

  • အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော် (California State Senate)မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကို ကြိုဆို ကြောင်း တရားဝင်မှတ်တမ်းတင် ဂုဏ်ပြုခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က မေ ၂၈ ရက်နေ့က  ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကိုရောက်ခဲ့ပြီး ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်နှင့် အတူ မဲလ်ဘုန်းမြို့ CRPH/NUG support Group (Victoria Group) အဖွဲ့သားများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

  • မြန်မာနိုင်ငံအလယ်ပိုင်းဒေသပါဝင်သည့်အမှတ် (၁) စစ်ဒေသတွင် ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီ တပ်နှင့် တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၆၀၀ကျော်သေဆုံးခဲ့ပြီး ဧပြီအတွင်းမှာတော့ စစ်ကောင်စီဘက်က ၅၀၀ ကျော်သေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ဒီမိုကရက်တစ်လူငယ်ကောင်စီက အာဏာသိမ်းစစ်တပ်၏ ထောင်သွင်းအကျဉ်းချခြင်းခံထားရ သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အတွက် ချုပ်လုပ် ထားသည့် ပိုးထည်စစ်စစ်ကို ရောင်းချကာ ရန်ပုံငွေရှာဖွေရေးပွဲ ပြုလုပ်နေကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်း ဒရုန်းပေါ်မှ ဗုံးသီးကျ ရောက်ပေါက် ကွဲ၍ ဒေသခံဆယ်ကျော်သက်လူငယ် အရပ်သားနှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း နှင့်အတူ မေလ ၂၈ ရက်နေ့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း T.G.R မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်လူမြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မေလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လေးမြို့နယ်၊ ကုန်းမှီရွာတွင် လက်နက် ကြီး တစ်လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်ထိမှန်သဖြင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ချောင်းနားရွာဟောင်းကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေပြီး ယခုမေလကုန် ရက်ပိုင်းအတွင်း ကျေးရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ပစ်ခတ် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ဆယ်ဇင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် ၃ ခန့် ထိခိုက်ပျက်  စီးခဲ့ကြောင်း တကောင်းတိုက်နယ်တွင် နေထိုင်သူ ပြည်သူများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည့်အထိ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ရန် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လက်တွဲဆောင်ရွက် ရန်အချက်အပါအဝင် သဘော တူညီချက် ၅ ချက်ရရှိခဲ့ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။ 

  • စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် မေလ ၂၇ ရက်နေ့ က Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU - ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ပူးပေါင်းတပ်နှင့် ဖြစ်ပွားခဲ့သော မေလ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသက် (၃၅) နှစ်အရွယ် ဗိုလ်မှူး ဇေယျာမျိုး သေဆုံးသွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ်သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

  • မြန်မာနိုင်ငံအတွင်းက ကျောင်းသားကလေးသူငယ်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နျူကလီးယား စွမ်းအင်နှင့်ပတ်သက်သော လေ့လာမှုများကို စိတ်ဝင်စားနေကြကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြောသည်။ 

  • ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မ အလုပ်စေခိုင်းခံနေရသောလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၄၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက သိရသည်။ 

  • ၂၀၂၃ ခုနှစ်ဇွန်လ ၁ ရက်ကစပြီး မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်အပ်ငွေ နှင့် စာရင်းသေအပ်ငွေများအပေါ် အတိုးနှုန်း ပြင်ဆင် သတ်မှတ်သွားမည်ဟု ထုတ်ပြန်သည်။ 

  • လျှပ်စစ်မီးပြတ်တာကို ဝေဖန်၍ ဖမ်းဆီးခံထားရသည့် အဆိုတော် ဗျူဟာကို လာမည့်ရက်ပိုင်းအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တရားရုံးမှာ ရုံးထုတ်သွားရန်ရှိနေကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ 

  • မကွေးမြို့နယ်၊ ဒေါင်းနေကျေးရွာအနီးမှာ ရုက္ခဗေဒဥယျာဉ်နှင့်အပန်းဖြေစခန်း တည်ဆောက်သွား ရန်ရှိ ကြောင်း  အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

မေ ၂၉ ရက် သုံးသပ်ချက် 

  • ကရင်ပြည်နယ်နှင့်ကရင်နီတွင် စစ်တပ်ကလေကြောင်းကနေ အရပ်သားပစ်မှတ်များနှင့် ဘုန်း ကြီးကျောင်းများနှင့် ဘာသာရေးဆိုင်ရာစေတီပုထိုးများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်နေ သည့်အတွက် စစ်တပ်သည် ဘာသာ သာသနာကို ၎င်းတို့အလိုရှိမှ အသုံးချခြင်းဖြစ်သည်။ 

  • စစ်တပ်သည် မြေပြင်တွင် တော်လှန်ရေးအဖွဲ့များစိုးမိုးထားသည့်နေရာများကို စစ်ကြောင်း မဝင်နိုင်၍ လက်နက်ကြီးများ လေယာဉ်များ အသုံးပြုကာ ပစ်ခတ်နေသည့်အတွက် ယင်း လက်နက်များ လေယာဉ်များ အသုံးမပြုနိုင်ရန်အတွက် စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်း များ ကို ပိတ်ဆို့ ဖြတ်တောက်ရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required