ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ ၃,၀၀၀ ကျော်ပျက်စီး

By ပါခွီး (မဇ္စျိမ)
23 May 2023
ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ ၃,၀၀၀ ကျော်ပျက်စီး

ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့သော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးခြင်း ၊ စာသင်ကျောင်း ၊ ဘာသာရေး အဆောက်အဦများ ပျက်စီးခြင်း၊ စပါးကျီများ ပျက်စီးခြင်နှင့် ရွာချင်းဆက်လမ်းများ မြေပြိုပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ 

ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး မြို့နယ်တာဝန်ခံများမှပေးပို့လာသည့် ထိခိုက်ပျက်စီးမှု စာရင်းများကို ICNCC က မေလ ၁၇ ရက်နေ့တွင် ကနဦး ထုတ်ပြန်ခဲ့ပြီးနောက် ယခု မေလ၂၃ ရက်တွင် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ဆောင် ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကျွဲ ၊နွား ၊ နွားနောက် ၊ ကြက် ၊ဘဲ ၊ ဝက် ၊ဆိတ်စသည့် အကောင်ရေ စုစုပေါင်း ၆၉ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

“ကနဦး ကူညီမှုတွေတော့ လုပ်နေတာရှိပါတယ်၊ ကျနော်တို့ စာရင်းအချက်အလက် Data စုဆောင်းမှုက နောက်ဆုံးလုပ်လို့ရပြီ ဖြစ်တဲ့အတွက် အဲဒါကိုအခြေပြုပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ICNCC အဖွဲ့ဝင်တစ်ဦးမှ မဇ္စျိမကို ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် အဆောက်အဦများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ ၊ အိမ်ရိုက်သံများ ၊ မိုးကာများနှင့် တာလပတ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကျေးရွာရှိ စပါးကျီများ ပျက်စီးသွားသည့် ဒေသများအတွက် ဆန် ၊ ရိက္ခာနှင့် အခြေခံ စားသောက်ကုန်များ ၊ အခြေခံ အိမ်သုံးဆေးဝါးများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ကူညီလိုသည့် ပြည်တွင်း ၊ပြည်ပ မှ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ကူညီနိုင်ကြောင်းလည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဖိတ်ခေါ်ထားသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly