မုန်တိုင်းမိုးကြောင့် ညောင်ဦးတွင် ချောင်းရေကျော်၍ ကားနစ်

By ရွှေနွယ်(မဇ္ဈိမ)
13 May 2023
မုန်တိုင်းမိုးကြောင့် ညောင်ဦးတွင် ချောင်းရေကျော်၍ ကားနစ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ မင်းနန်သူကျေးရွာတွင် မိုးများပြီး မင်းနန်သူချောင်း ချောင်းရေကျော်ကာ ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က MARK (II) ကားတစ်စီး ရေနစ်နေ၍ သွားရောက်ကူညီပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

“မိုးက ကျွန်တော်တို့ဆီမှာ ဒီနေ့ မနက်ကြီး ၁၂ ကျော် ၁ နာရီလောက်ကစပြီး မိုးများသွားတော့ ချောင်းရေကျော်တာကြောင့် ကားကလည်း ဝပ်သွားတော့ တက်မရတော့တာနဲ့ ဖုန်းဆက်ခေါ်လို့သွားခဲ့တာပါ” ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မဇ္ဈိမကိုပြောသည်။

ဆက်သွယ်မေးမြန်းချိန် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်ဦးမြို့၌ မိုးရပ်သွားသော်လည်း ချောင်းရေကျော်နေဆဲဖြစ်ပြီး မိုးရွာသွန်းစဉ်က လေတိုက်ခိုက်မှုလည်းရှိသောကြောင့် သစ်ပင်၊ သစ်ကိုင်း ကျိုးကျမှုအချို့လည်းရှိကြောင်း သိရသည်။

အလားတူ ပြင်ဦးလွင်မြို့တွင်လည်း ယနေ့နံနက်ပိုင်း လေပြင်းတိုက်ခိုက်မှုများကြောင့် သစ်ပင်အချို့ လမ်းမပေါ် ကျိုးကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလွန်အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ" ကြောင့် ယနေ့ နံနက်မှစကာ မေလ ၁၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင်မိုးကြီးရေလျှံနိုင်ပြီး မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ကချင်ပြည်နယ်၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ လေ့လာသူ ဒေါ်စုစုစံက ယနေ့ နံနက်ပိုင်းတွင် ရေးသားထားသည်။

အလွန်အားပြင်းသောဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကို ယနေ့ မေလ ၁၃ ရက်နေ့တွင် အနီရောင်အဆင့်သတ်မှတ်ထားပြီး မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသ လေ့လာသူများက ခန့်မှန်းထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required