အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ ၁၅ ဦးကို မလေးရှားဖမ်းဆီး

အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ ၁၅ ဦးကို မလေးရှားဖမ်းဆီး

ကွာလာလမ်ပူ၊ မတ် ၂၅ ။          ။ အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ ၁၅ ဦးကို မတ် ၂၄က ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်အဘူဘာကာက မတ် ၂၄က ပြောသည်။ ထို့အပြင် မလေးရှားရဲတပ်ဖွဲ့သည် ပြည်နယ်တိုင်းတွင် ဋ္ဌာနများထားရှိကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဋ္ဌာနကို တိုးချဲ့သွားမည်ဟုလည်း ၎င်းကပြောသည်။ အင်္ဂါနေ့က စတင်ခဲ့သော ကြီးမားသည့် စစ်ဆင်ရေးတစ်ခုတွင် အသက် ၂၂နှစ်မှ ၄၉နှစ်အထိရှိ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ရဲချုပ်တန်ဆရီခါလစ်က ပြောသည်။

ပြည်နယ်ခြောက်ခုနှင့် ကွာလာလမ်ပူးစီးတီးတွင် ဖမ်းဆီးခဲ့သည့် မသင်္ကာသူများတွင် ရဲအရာရှိတစ်ဦး၊ အစ္စလာမ်ဘာသာရေးဆရာတစ်ဦး၊ အိမ်ရှင်မတစ်ဦး၊ ကျောင်းသားတစ်ဦးနှင့်   လေယာဉ်ပြင်ဆရာတစ်ဦးတို့   ပါဝင်သည်။ သံသယရှိသူအားလုံး မလေးရှားတွင် တိုက်ခိုက်မှုပြုလုပ်ရန် မူဟမ္မက်ဝန်ဒီမိုဟာမက်ဂျေဒီထံမှ ညွှန်ကြားချက်များ လက်ခံရရှိထားသည်ဟု မတ် ၂၄က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဝန်ဒီသညိ လောလောဆယ်ဆီးရီးယားတွင် ရှိနေသည့် အိုင်အက်စ်အဖွဲ့ဝင်မလေးရှားလူမျိုးတစ်ဦး ဖြစ်သည်။

သံသယရှိသူများသည် အကြမ်းဖက်လုပ်ရပ်များအတွက် ရန်ပုံငွေများ စုဆောင်းခြင်း၊ ဗုံးများအတွက် ပါဝင်သည့် ဓါတုပစ္စည်းများကို တပ်ဆင်ရန် ကြိုးပမ်းခြင်း၊ နိုင်ငံခြားသားစစ်သွေးကြွနှစ်ဦးကို  အရှေ့တောင်အာရှနိုင်ငံတစ်ခုသို့ ခိုးထုတ်ရန် စီစဉ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဆိုသည်။ အဆိုပါအရှေ့တောင်အာရှနိုင်ငံ၏ အမည်ကို မဖော်ပြခဲ့ပေ။ အကြမ်းဖက်ခြိမ်းခြောက်မှုမှာ အစစ်အမှန်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဋ္ဌာနခွဲများ ထူထောင်ရန် မလေးရှား၏ ပြည်နယ် ၁၃ခုသို့ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ စေလွှတ်လျက်ရှိသည်ဟု မစ္စတာခါလစ်က ပြောကြားခဲ့သည်။

မှုခင်းပညာရှင် ပီဆန်ဒရာမူးဝါးသီကမူ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ဖျက်ရေးဋ္ဌာနခွဲများ ထူထောင်သည်မှာ ကောင်းသော်လည်း ပြသနာ၏ ဇစ်မြစ်ကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြောကြားသည်။ လူ့အဖွဲ့အစည်းအနေဖြင့် ရဲတပ်ဖွဲ့တစ်ခုတည်းကိုသာ အားကိုးမနေဘဲ သတင်းအချက်အလက်များကို ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်များထံသို့ ပေးပို့ရမည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required