လက်ပံတန်းမြို့တွင် NUG၊ PDF တို့ကို အားပေးထောက်ခံမှုကြောင့်ဟုဆိုကာ ဖမ်းဆီးထားသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

By ရွှေနွယ်( မဇ္ဈိမ )
28 April 2023
လက်ပံတန်းမြို့တွင် NUG၊ PDF တို့ကို အားပေးထောက်ခံမှုကြောင့်ဟုဆိုကာ ဖမ်းဆီးထားသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် NUG ၊ PDF တို့ကို အားပေးထောက်ခံသောကြောင့်ဟုဆိုကာ ဖမ်းဆီးထားသူ နှစ်ဦးအား ဧပြီလ ၂၇ ရက် နေ့လယ်တွင် သာယာဝတီထောင်တွင်းတရားရုံးက အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ထောင်ဒဏ် သုံးနှစ်အသီးသီးချမှတ်ခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

"ကိုပြည့်ဖြိုးဦးကို ပုဒ်မ ၅၀(က)/၅၄ နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ကိုကောင်းခန့်ဖြိုး က ထောင်ဒဏ် ၃ နှစ် ၅၀၅ နဲ့ပါ။  ရှေ့နေကလည်းလိုက်ရဲတဲ့သူမရှိ၊ ငွေကြေးလည်း တတ်နိုင်မှ ငှားရမ်းနိုင်မှာဆိုတော့ ဘာအခွင့်အရေးမှမရခဲ့ပါဘူး။  အဖမ်းခံရတာကလည်း လက်ဝယ်ပြစရာ ဘာသက်သေအထောက်အထားမှမရှိခဲ့ပဲ သံသယနဲ့တင် ဖမ်းသွားတာပါ" ဟု ၎င်းတို့နှင့် နီးစပ်ရာအသိုင်းအဝိုင်းမှ သူတစ်ဦးက ပြောသည်။

ကိုပြည့်ဖြိုးဦးကို ကနဦးတွင် ပုဒ်မ ၅၀(က)/၅၄ ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားရာမှ သုံးနှစ်လျော့ပေါ့ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကိုအောင်ဇော်မင်း၊ ကိုပြည့်ဖြိုးဦး၊ ကိုကောင်းခန့်ဖြိုးနှင့်အတူ အခြားလင်မယားနှစ်ဦး စုစုပေါင်း ငါးဦးအား NUG၊ PDF တို့အား အားပေးထောက်ခံသောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်များက သေနတ်ထောက်၍ လာရောက်ဖမ်းဆီးသွားခဲ့သည်။

ထို့နောက်တွင် လင်မယားနှစ်ဦးကို ရက်ပိုင်းအတွင်းပြန်လွှတ်ပေးခဲ့ပြီး၊ ကိုအောင်ဇော်မင်း၊ ကိုပြည့်ဖြိုးဦးနှင့် ကိုခန့်ဖြိုးတို့သုံးဦးကိုမူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် လက်ပံတန်းမြို့မရဲစခန်းမှတဆင့် သာယာဝတီထောင်သို့ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။

အဆိုပါ သုံးဦးအနက်မှ ကိုအောင်ဇော်မင်းမှာ စစ်ကြောစဉ် ဆိုးဆိုးဝါးဝါးရိုက်နှက်ထားသောဒဏ်ရာများကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

 "ကိုအောင်ဇော်မင်းကိုလာဖမ်းစဉ်က သူက မျက်မှန်၊ ဂီတာအရောင်းဆိုင်ဆိုတော့ ဆိုင်ကိုအရပ်ဝတ်တွေနဲ့ဝင်လာပြီး ပစ္စည်းဝယ်မလိုလိုနဲ့ သေနတ်ထောက်ဖမ်းသွားတာပါ။ ကိုပြည့်ဖြိုးဦးနဲ့ ကိုကောင်းခန့်ဖြိုးတို့က Ensure ရုံးဝန်ထမ်းတွေပါ ။ သူတို့ကိုလည်း တစ်ရက်ထဲဖမ်းသွားပြီး ခလရ(၃၅)တပ်မှာ စစ်ကြောရေးလုပ်ကြပါတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ပံတန်းမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် NUG/PDF တို့အား အားပေးထောက်ခံသောကြောင့်ဟုဆိုကာ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေနှင့် ဇနီးဖြစ်သူ မဝေဝေလွင်၊ ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌ ကိုဝင်းမင်းစိုး၊ လက်ပံတန်းကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း ကိုအောင်ကု‌ဋေစိုး၊ အကိုဖြစ်သူ ကိုဝဠာစိုး၊ ဥတိုချောင်းဖျားရွာက ကိုဇော်မျိုးဦး၊ ကျောင်းဆရာ ကိုဇင်ဖြိုး အပါအဝင် ပြည်သူ၂၀ထက်မနည်းကို ဖမ်းဆီးထောင်ချထားကြောင်း သိရသည်။

" ကိုဇော်မျိုးဦးက သေဒဏ်ချခံထားရတာပါ။ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေနဲ့ ဇနီး ဆိုရင် ယောက်ျားရုံးထုတ်တာကို မိန်းမကသွားတွေ့ရင်း မိန်းမကိုပါ ဖမ်းလိုက်တာပါ။ ခုက မိသားစုတွေ ထောင်ဝင်စာတောင် ရဲရဲသွားမတွေ့ရဲကြပါဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစကာ ယခု ၂၀၂၃၊ ဧပြီလ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံတစ်၀န်းတွင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၁,၅၆၆ ဦးရှိပြီး၊ ထိုအထဲမှ  ၁၇,၆၆၀ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၅,၆၈၉ ဦးမှာမူ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူ ၁၁၀ ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ထားသူ ၄၂ ဦးရှိနေသည်။

ထို့အပြင် စစ်အာဏာသိမ်းမှကိုဆန့်ကျင်၍ မြန်မာ့ဒီမိုကရေစီအရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြရင်း နွေဦးတော်လှန်ရေးကာလအတွင်းတွင် ကျဆုံးခဲ့ရသည့်ပြည်သူ ၃,၄၄၀ ဦး ရှိပြီဖြစ်ကြောင်း AAPP ၏ စာရင်းအချက်အလက်များအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required