CDM လုပ်ရန်တိုက်တွန်းချက်ကိုလက်မခံသော ဒု-ဗိုလ်မှူးကြီးမြတ်မင်းထွန်း နောင်ချိုတိုက်ပွဲတွင် သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
25 April 2023
CDM လုပ်ရန်တိုက်တွန်းချက်ကိုလက်မခံသော ဒု-ဗိုလ်မှူးကြီးမြတ်မင်းထွန်း နောင်ချိုတိုက်ပွဲတွင် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ကော်ကြီးကျေးရွာတွင် အခြေစိုက်ထားသော ခလရ (၁၄၇) တပ်ရင်း စခန်းကုန်းအား ဧပြီလ ၂၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက်ပြီးချိန်တွင် စခန်းသိမ်းခံရသည်ကိုမသိဘဲ အိမ်စီးကားဖြင့်ရောက်လာသော ခလရ(၁၄၇)တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မင်းထွန်းအား ကာကွယ်ရေးတပ်ဖွဲ့များမှ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မင်းထွန်းသည် သာယာဝတီခရိုင် သုံးဆယ်မြို့၊ အရှေ့ရိုး ကြီးရပ်ကွက်၊ တောင်လမ်းသစ်တန်းလမ်းဇာတိဖြစ်ကာ စစ်တက္ကသိုလ်အမှတ်စဉ် (၄၄) ကျောင်းဆင်းဖြစ် သည်ဟု သုံးဆယ်မြို့ခံများက ပြောသည်။

“သူ့မှာ ညီတစ်ယောက်၊ ညီမတစ်ယောက်ရှိသေးတယ်။ သူ့ညီက ဗိုလ်သော်ဇင်ထွန်း၊ သူတို့ညီအကိုနှစ် ယောက်ကို မိတ်ဆွေတွေရင်းနှီးသူတွေက CDM လုပ်ဖို့ ပြောနေတာပဲ၊ လက်မခံဘဲ အာဏာမက်ပြီးမထွက် လို့ သေရတာ” ဟု ၎င်း၏အကြောင်းအားသိရှိသူ သုံးဆယ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ဒုတိယဗိုလ်မှူးကြီးမြတ်မင်းထွန်းသည် စစ်ကောင်စီတပ်ထဲတွင် ရာထူးမြင့်မြင့်ရလိုသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ရာထူးဆက်မတိုးသည့်အပြင် ရှေ့တန်းတွင်ရောက်ရှိနေသည့်အတွက် ၎င်း၏ မိန်းမနှင့် ကလေးအားတပ်ထဲတွင် ထိန်းသိမ်းထားသောကြောင့်ထွက်၍မရခြင်းဖြစ်သည်ဟု ကြားသိရကြောင်းနှင့် အဆိုပါအပြောနှင့်ပတ်သက်ပြီး အတည်မပြုနိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“သူ့ငယ်နာမည်က စိန်ကုလားပါ၊ သုံးဆယ်မှာက စစ်ဗိုလ်တွေအရမ်းများတဲ့မြို့ဗျ။ ဒါပေမယ့် သူသေတယ် ကြားလို့ အကုန်ဝမ်းသာနေကြတယ်၊ သူတို့တွေကိုထွက်ဖို့ပြောတုန်းက ထွက်မှမထွက်ကြတာ” ဟု အခြား မြို့ခံတစ်ဦးကလည်း ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်အခြေပြုတပ်စွဲထားသည့် ခလရ (၁၄၇) တပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နံနက် ၃ နာရီခန့်တွင် ချဥ်းကပ်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီ တပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

ထိုအချိန်တွင် ခလရ(၁၄၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မင်းထွန်းသည် Toyota Corolla ကားဖြင့် အဆိုပါစခန်းသို့ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်စစ်ဆေးရာတွင် ရပ်မပေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အစပ်ဒေသများတွင် ပြည်သူ့ ကာကွယ် ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား ဧပြီလ ၅ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်း ထန်နေခြင်း ဖြစ်သည်။

အဆိုပါ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ၁၈ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ အပါအဝင် ၁၀၀ ဝန်းကျင်ခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ရပြီး ဧပြီလ ၂၃ ရက်နေ့ မှစတင်ကာ ယင်းဒေသ၌ တိုက်ပွဲအနည်းငယ်ငြိမ်သက်နေကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required