နယ်လ်ဆင်မင်ဒဲလား၊ ဆိုနီယာဂန္ဒီ နှင့် ဒေါ်အောင်ဆန်းစုကြည်

နယ်လ်ဆင်မင်ဒဲလား၊ ဆိုနီယာဂန္ဒီ နှင့် ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ-မဇ္စျိမ

ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးမရယူပေမယ့် အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်ဆိုတာကို NLD ပါတီကရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပါ အတိအလင်းပြောကြားထားတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

မြန်မာသမ္မတသစ်ဖြစ်လာတော့မယ့် ဦးထင်ကျော်ကို NLD ပါတီကရွေးချယ်တင်မြှောက်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားပြီးသားလည်း ဖြစ်ပါတယ်။

အဲဒီလို ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ အစိုးရအဖွဲ့ကို သမ္မတရဲ့အထက်ကနေထိန်းကျောင်းမယ့်ပုံစံကြောင့် ဒေါ်အောင်ဆန်းစုကြည်ရှေ့ဆက်ရမယ့်ပုံစံကို အိန္ဒိယနိုင်ငံက ဆိုနီယာဂန္ဒီဖြတ်သန်းခဲ့ပုံနဲ့ တစ်ချို့လေ့လာသူတွေက နှိုင်းယှဉ်ကြည့်လာကြပါတယ်။

ဆိုနီယာဂန္ဒီဟာ ၂၀၀၄ ခုနှစ်တုန်းက သူမရဲ့ ကွန်ဂရက်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက်မှာ ပါတီခေါင်းဆောင်အဖြစ်နဲ့ပဲ မန်မိုဟန်ဆင်းချ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ထိန်းကျောင်းခဲ့သူ ဖြစ်ပါတယ်။

ဆိုနီယာဂန္ဒီဟာ အီတလီနိုင်ငံမှာမွေးဖွားသူတစ်ဦးဖြစ်တာကြောင့် ဝန်ကြီးချုပ်ရာထူးကို သူမရယူလိုက်မယ်ဆိုရင် အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေပေါ်ပေါက်လာမှာစိုးတဲ့အတွက် အဲဒီလို ပါတီခေါင်းဆောင်အနေနဲ့ပဲ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုနီယာဂန္ဒီ ဖြတ်သန်းခဲ့တဲ့အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ ခပ်ဆင်ဆင်တူတယ်လို့ ပြောမယ်ဆို ပြောလို့ရတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ဆိုနီယာဂန္ဒီရဲ့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လျှောက်လှမ်းရတဲ့လမ်းကြားမှာ အဓိကကွာခြားတာတစ်ခုကတော့ အိန္ဒိယနိုင်ငံမှာက မြန်မာနိုင်ငံမှာလို နိုင်ငံခြားမှာမွေးဖွားသူ၊ ဒါမှမဟုတ် နိုင်ငံခြားသား ခင်ပွန်း၊ဇနီး၊ ဆွေမျိုး ရှိသူတွေကို ဥပဒေကြောင်းအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတာမျိုး မရှိတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၅၊ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရပြီးတဲ့နောက်မှာ သူမကို ဆိုနီယာဂန္ဒီနဲ့ နှိုင်းယှဉ်ပြောကြားတာဟာ အတိအကျမှန်ကန်မှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကရဲ့ အဖိနှိပ်ခံလူထုခေါင်းဆောင်ကနေ နောက်ပိုင်းမှာ သမ္မတဖြစ်လာခဲ့သူ နယ်လ်ဆင်မင်ဒဲလားနဲ့ နှိုင်းယှဉ်ကြည့်သူတွေလည်း ရှိနေပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်လိုပဲ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်တဲ့ နယ်လ်ဆင်မင်ဒဲလားဟာ သူ့ရဲ့တော်လှန်ရေး လုပ်ဆောင်ချက်တွေကြောင့် ၂၇ နှစ်ကြာအကျဉ်းချခံခဲ့ရပြီး ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကရဲ့ ပထမဆုံးလူမည်းသမ္မတ ဖြစ်လာခဲ့သူပါ။

ဒါပေမဲ့ ဆိုနီယာဂန္ဒီနဲ့ နှိုင်းယှဉ်တုန်းကလိုပါပဲ။ နယ်လ်ဆင်မင်ဒဲလားဟာ တောင်အာဖရိကမှာ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်တားမြစ်ခံထားရတာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့ခရီးဟာ နယ်လ်ဆင်မင်ဒဲလားဖြတ်သန်းခဲ့ရပုံမျိုးနဲ့လည်း မတူညီနိုင်တာ အသေအချာပါပဲ။

ဒါ့အပြင်ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြေညာချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့အတွင်းမှာပါ ဝန်ကြီးနေရာရယူသွားဖို့ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးရယူမယ်လို့ ခန့်မှန်းသုံးသပ်နေမှုတွေတောင် ပေါ်ထွက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ရယူသွားမှာဖြစ်တာကြောင့် သူမအနေနဲ့ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နိုင်တော့မှာမဟုတ်ဘဲ ပါတီခေါင်းဆောင်နေရာကနေလည်း ဖယ်ထားပေးရတော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ပါတီက တိုင်းပြည်ကို ထိန်းကျောင်းသွားနိုင်ဖို့အတွက် ပါတီတွင်းမှာ ဘယ်လို တာဝန်ခွဲဝေသတ်မှတ်မှုတွေလုပ်မလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အတွင်းမှာတစ်ဖက်ကပါဝင်ဆောင်ရွက်နေသလို ပါတီကိုလည်း အကောင်းဆုံးပုံစံနဲ့ ထားရှိနိုင်ခဲ့မယ်ဆိုရင် အပြောင်မြောက်ဆုံးနိုင်ငံရေးရွှေ့ကွက်တစ်ကွက်ကို ရွှေ့လိုက်ရာရောက်မှာ ဖြစ်ပြီး အနာဂတ်မှာ နိုင်ငံရေးအရလည်း အခုထက်ပိုမို ခိုင်မာအားကောင်းလာမှာပဲ ဖြစ်ပါတယ်။

(www.aseantoday.com တွင်ဖော်ပြထားသော Aung San Suu Kyi: a Nelson Mandela or a Sonia Gandhi ? ကို ဆီလျော်အောင်ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

ဖြိုးမင်းသန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required