မြန်မာနှင့်ပတ်သက်၍ အာဆီယံ၏ ရှေ့ကာလ ဆက်ဆံ ဆောင်ရွက်မှုအပေါ် ထိုင်းရွေးကောက်ပွဲက သက်ရောက်မှု ရှိနိုင်

မြန်မာနှင့်ပတ်သက်၍ အာဆီယံ၏ ရှေ့ကာလ ဆက်ဆံ ဆောင်ရွက်မှုအပေါ် ထိုင်းရွေးကောက်ပွဲက သက်ရောက်မှု ရှိနိုင်
Photo - AFP

မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် တိုးတက်အောင်မြင်မှု ရရှိစေရေး လုပ်ဆောင်နိုင်ရန် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအပေါ် ဖိအားများ တိုးလာလျက်ရှိစဉ် လာမည့် မေလလယ်၌ ကျင်းပရန် စီစဉ်ထားသော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲက အာဆီယံအုပ်စု၏ လုပ်ဆောင်ချက်များနှင့် မြန်မာ၏ အနာဂတ်အပေါ်တွင် သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်သည်ဟု အကဲခတ်များက ပြောသည်။

မြန်မာစစ်တပ်က နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာလာစဉ် အာဆီယံအဖွဲ့သည် ၎င်းတို့၏ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်သည့် ဘုံသဘောတူညီချက် ငါးချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

ထိုင်းသည် မြန်မာအာဏာသိမ်းစစ်အုပ်စုကို တိတ်တဆိတ် ထောက်ခံအားပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရပြီး ထိုရပ်တည်ချက်က အများသဘောဆန္ဒဖြင့် သွားသည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုအတွက် အဟန့်အတားဖြစ်စေသည်။

ထိုင်း ရွေးကောက်ပွဲ၏ လုပ်ငန်းစဉ်များနှင့် ရလဒ်တို့က အာဆီယံ၏ မြန်မာနှင့် ထိတွေ့ဆက်ဆံမှု၏ အနာဂတ်အပေါ် သက်ရောက်နိုင်သည်ဟု အကဲခတ်များက ပြောသည်။

“ဒီမိုကရေစီ လုပ်ငန်းစဉ် ကိုယ်၌က အဓိပ္ပါယ် အများကြီး ထွက်ပါလိမ့်မယ်။ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်တယ်ဆိုရင် ထိုင်းပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်နိုင်မှာဖြစ်တယ်။ အဲဒီနောက်မှာတော့ ဘယ်သူပဲနိုင်နိုင်၊ အဲဒီနိုင်တဲ့သူက မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထောက်ခံဦးမယ်ဆိုရင် သူတို့အပေါ် အများလက်ခံယုံကြည်နိုင်မှုကို ပျက်စီးစေနိုင်ပါတယ်” ဟု နိုင်ငံတော် သုတေသနနှင့် တီထွင်ဆန်းသစ်မှု အေဂျင်စီ (BRIN) မှ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အကြီးတန်း လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သည့် ဒီဝီ ဖော်တူနာ အန်ဝါက The Jakarta Post ကို ပြောသည်။

ထိုင်းတွင် အောင်မြင်သော စစ်အာဏာသိမ်းမှုကို ဦးဆောင်ပြီး ၂၀၁၄ ခုနှစ်က ခေါင်းဆောင်မှုနေရာ ရယူခဲ့သော စစ်ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် သီတင်းပတ်ခြောက်ပတ်ပင် မလိုတော့သည့် ရှေ့လထဲတွင် ရွေးကောက်ပွဲဝင်ပြီး ဝန်ကြီးချုပ်နေရာအတွက် ပြန်လည်ယှဉ်ပြိုင်ရန် ရှိနေသည်။

အာဆီယံ၏ အများယုံကြည်လက်ခံနိုင်မှုအပေါ် ထိခိုက်စေနိုင်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ မလုပ်ဆောင်ရန် တောင်းဆိုမှုများ ရှိသော်လည်း ချန်အိုချာ၏ ဦးဆောင်မှုအောက်တွင် ထိုင်းအစိုးရသည် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေခဲ့သည်။

ယင်းတွင် ယမန်နှစ်က မြန်မာစစ်အုပ်စု၏ အဆင့်မြင့်သံတမန်နှင့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များ ဘန်ကောက်မြို့၌ တွေ့ဆုံသည့် အစည်းအဝေးတစ်ခုနှင့် ထိုင်း ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့ ဇန်နဝါရီလက ထိတွေ့ဆက်ဆံမှုတို့ ပါဝင်သည်။

“ထိုင်း စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား နီးကပ်မှုက ကာလကြာကတည်းကဖြစ်လို့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ နှစ်ဖက်စလုံးဟာ ခိုင်မာတဲ့ သံတမန်ဆက်ဆံရေးတစ်ခုကို ထိန်းထားတယ်” ဟု ဒီဝီက ပြောသည်။

“ဒါက မြန်မာနဲ့ ထိုင်း အကြား ဆက်ထိန်းထားတဲ့ စစ်ဘက်ဆိုင်ရာ နီးကပ်မှုတင်မကပါဘူး။ ကျောက်မျက်အရိုင်းတုံးတွေလို ကိစ္စလိုမျိုး အားကောင်းတဲ့ စီးပွားရေးဆက်ဆံမှုလည်း ရှိပါတယ်။ ဒါကြောင့်လည်း ထိုင်းက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုပြီး ပျော့ပြောင်းတဲ့ သဘောထားတစ်ခု ထားတာဖြစ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ အရေးပါသက်ရောက်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးတရားတွေ ရှိနေတာကြောင့်ပါ”

မြန်မာတွင် အကြမ်းဖက်မှုများ ရပ်စဲရေး၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ထိတွေ့ဆက်ဆံရန် အထူးသံတမန်တစ်ဦး ခန့်အပ်ရေး တို့ကို တောင်းဆိုထားသည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး ခိုင်မာပြတ်သားသည့် ရပ်တည်ချက်တစ်ရပ် ကိုင်စွဲရန် အာဆီယံအဖွဲ့ဝင်တချို့က ကြိုးပမ်းခဲ့သည်။

သို့သော် ပြီးခဲ့သည့် လများအတွင်း အာဆီယံအုပ်စုအနေဖြင့် ထိုင်း အပါအဝင် ယင်း၏ အဖွဲ့ဝင်တချို့က မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် စာနာထောက်ထားမှုရှိနေသည် ဆိုသည့် သံသယများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ရပ်တန့်ရေး ထိုင်းအစိုးရကို တိုက်တွန်းခဲ့သလို ထိုင်းစစ်ခေါင်းဆောင်များသည် လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများကို ထောက်ကူပေးနေသူများဖြစ်ကြောင်း ပြောသည်။

နောက်တစ်လတွင် မြန်မာအပေါ် ပိုမိုတင်းမာပြတ်သားသော ရပ်တည်ချက် ထားရှိရေး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တိုက်တွန်းတောင်းဆိုသည်။

“မြန်မာစစ်အုပ်စုနဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုကို ဆက်လုပ်ဖို့ကလွဲပြီး ကျွန်တော်တို့ လုပ်နိုင်တာတွေက အင်မတန်နည်းပါးတယ်။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု အများအပြားကို ထုတ်ဖော်နိုင်မယ့် ပိုကောင်းတဲ့ နေရာမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်” ဟု ထိုအချိန်က အန်ဝါက ပြောသည်။

 

ပင်ကိုမဟာမိတ်များ

ထိုင်းရွေးကောက်ပွဲသည် ရှည်လျားသည့် နယ်စပ်တစ်ခု ထိစပ်နေသည့် အိမ်နီးချင်းအဖြစ် မြန်မာအပေါ် ထိုင်းအစိုးရ၏ ချဉ်းကပ်မှုအပေါ် သက်ရောက်မည် ဖြစ်ရုံတင်မကဘဲ အာဏာသိမ်းစစ်အုပ်စု၏ အပြုအမူအပေါ်တွင်လည်း သက်ရောက်လိမ့်မည် ဖြစ်ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှု စင်တာ (CSIS) ၏ နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် ဖီထရီယာနီက ပြောသည်။

“အကျိုးဆက်တွေက သေချာပေါက် ရှိပါလိမ့်မယ်။ မြန်မာအာဏာသိမ်းအုပ်စုဟာ ထိုင်းလိုမျိုး အခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ အာဏာသိမ်းစစ်အုပ်စုတွေကို နီးနီးကပ်ကပ် လေ့လာထားပါတယ်” ဟု သူမက ပြောသည်။

ချန်အိုချာတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထောက်ခံအားပေးရန် အားကောင်းသည့် မက်လုံးတစ်ခုရှိကြောင်းနှင့် ချန်အိုချာ ဦးဆောင်သည့် ထိုင်းအစိုးရရော၊ မြန်မာစစ်အုပ်စုရောသည် စစ်တပ်အာဏာသိမ်းမှုတစ်ဆင့် ရပ်တည်ထူထောင်ထားခြင်းကြောင့် ဖြစ်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် အက်ဗီ ဖီထရီယာနီက ပြောသည်။

“အာဆီယံရဲ့ လက်ခံမှုကို ရဖို့အတွက် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ထောက်ခံအားပေးဖို့ လိုပါတယ်။ အလားတူပဲ သူတို့ဟာ အနောက်အုပ်စုရဲ့ ပြစ်တင်ဝေဖန်တာကို ခံရပြီး သူတို့အတွက် အားကိုးစရာဆိုလို့ တရုတ်ပဲ ရှိပါတယ်” ဟု သူမက ပြောသည်။

ထိုင်းရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်အရွေးခံမည့်သူတစ်ဦးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ သမီး ဖြစ်သည့် အတိုက်အခံ ဖျူထိုင်းပါတီမှ ပေတုန်တန် ရှင်နာဝါထရာ ဖြစ်သည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဖျူထိုင်းပါတီအပေါ် ထောက်ခံမှုကလည်း မြင့်တက်လာသည့်အတွက် ယင်းက အမြစ်တွယ်နေသော စစ်တပ်အုပ်စု နှင့် ဒီမိုကရေစီလိုလားသော အုပ်စုများအကြား ပြင်းထန်သည့် ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်ရန် ရှိနေသည်။

ယမန်နှစ်က မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို မင်းအောင်လှိုင်က သေဒဏ်စီရင် ကွပ်မျက်လိုက်ခြင်းအပေါ် ဖျူထိုင်းပါတီက ပြစ်တင်ဝေဖန်ခဲ့ပြီး မြန်မာပြည်သူများသည် ဒီမိုကရေစီအတွက် လှုံ့ဆော်စည်းရုံးခွင့်အတွက် မမှိတ်မသုန်သော ထောက်ခံမှု ရှိသည်ဟု ပြောသည်။

သို့သော် ထိုင်းရွေးကောက်ပွဲတွင် အတိုက်အခံတို့ အနိုင်ရသည် ဆိုလျင်တောင်မှ အာဆီယံအုပ်စုအတွင်း ထိုင်း၏ သဘောထားက အလိုအလျောက် ပြောင်းလဲမည် မဟုတ်ဟု ဒီဝီက မှတ်ချက်ပြုသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့်မတူဘဲ ထိုင်း၏ အာဏာသိမ်းစစ်အုပ်စုသည် ဘန်ကောက်ရှိ ဩဇာပါဝါရှိသူတချို့နှင့် အရပ်ဖက်အဖွဲ့အစည်းတချို့၏ ထောက်ခံခြင်းကို ရထားကြောင်း သူမက ပြောသည်။

“ဥပမာပြောရရင် သက်ဆင်ကိစ္စကိုပဲ ကြည့်လေ၊ နောက်ဆုံးမှာ သူ ရှင်းထုတ်ခံခဲ့ရတာပဲလေ။ ထိုင်းအာဏာသိမ်းအုပ်စုဟာ အထက်တန်းလွှာတချို့ဆီကနေ ထောက်ခံမှုကို ရနေတယ်။ ထိုင်းလူ့အဖွဲ့အစည်းဟာ သဘောကွဲနေတယ်။ ဒါက ခက်ခဲတဲ့ သွင်ပြင်တစ်ခုဖြစ်တယ်။ ရှင်းရှင်းပြောရရင် ထိုင်းရဲ့ ပြည်ပဂုဏ်သတင်းအတွက် အကျပ်ရိုက်စရာဖြစ်တယ်” ဟု သူမက ပြောသည်။

မည်သို့ပင် ဖြစ်လာနိုင်ပါစေ၊ အင်ဒိုနီးရှားသည် အာဆီယံ၏ ဒစ်ပလိုမေစီ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အားကောင်းသည့် ပြောပိုင်ခွင့်ရှိနေဆဲဖြစ်ကြောင်း ဖီထရီက မှတ်ချက်ပြုသည်။

“ကျွန်မ အမြင်အရတော့ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ ဆိုတဲ့ လက်ရှိ အနေအထားကြောင့် ထိုင်းရွေးကောက်ပွဲရလဒ်ထက် ပိုတဲ့ဩဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ ထင်တယ်” ဟု သူမက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required