အိန္ဒိယနှင့်ပူးပေါင်း၍ ချစ်ပ်များနှင့်လျှပ်စစ်ကားများထုတ်လုပ်ရန် ထိုင်ဝမ် Foxconn ကုမ္ပဏီ ကြိုးပမ်းနေ

By ANI
11 March 2023
အိန္ဒိယနှင့်ပူးပေါင်း၍ ချစ်ပ်များနှင့်လျှပ်စစ်ကားများထုတ်လုပ်ရန် ထိုင်ဝမ် Foxconn ကုမ္ပဏီ ကြိုးပမ်းနေ

Apple ထုတ်ကုန်များ ထုတ်လုပ်သည့် Foxconn ကုမ္ပဏီသည် ချစ်ပ်များနှင့် လျှပ်စစ်ကားများထုတ်လုပ်မှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယမိတ်ဖက်များကို ရှာဖွေနေကြောင်း CNN က ဖော်ပြသည်။

 Hon Hai Technology Group (Foxconn) ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ရောင်လျူ၏ အိန္ဒိယခရီးစဉ်အပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်ဝမ်၏ Foxconn သည် ယမန်နှစ်က တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်မှုပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် အိန္ဒိယတွင် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။ 

အိန္ဒိယခရီးစဉ်သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ကားများကဲ့သို့သော ကဏ္ဍသစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန်  Foxconn ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူဖြစ်စေခဲ့ကြောင်း မတ်လ ၄ ရက်တွင် ရောင်လျူက ပြောကြားခဲ့သည်။

"အိန္ဒိယဟာ လူဦးရေ များပြားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီခရီးစဉ်က အစုအစပ်စီးပွားရေးတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတီထွင်ထုတ်လုပ်မှုတိုးတက်ရေးနဲ့ လျှပ်စစ်ကားလို နယ်ပယ်အသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မယ့် Foxconn ရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေခဲ့ပါတယ်” ဟု  ရောင်လျူက ဆိုသည်။

Apple အတွက် iPhones များထုတ်လုပ်ပေးသော Foxconn သည် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ တစ်ခုဖြစ်သည်။ ယခုအခါ ကုမ္ပဏီသည် လျှပ်စစ်ကားများအပါအဝင် အခြားနယ်ပယ်များတွင် တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။
Foxconn သည် အိန္ဒိယရှိ အန်ဒရာနှင့်တမီးလ်နာဒူပြည်နယ်တို့တွင်လည်း စက်ရုံများရှိပြီးဖြစ်သည်။ Foxconn သည် ကာနာတာကာပြည်နယ်တွင် အလုပ်အကိုင်ပေါင်း ၁ သိန်းကျော်ကို ဖန်တီးပေးနိုင်မည့် အဓိက ရင်းနှီးမြှုပ်နှံမှုကြီး တစ်ခုလုပ်ဆောင်မည်ဟု မတ် ၅ ရက်က တရားဝင်ကြေညာခဲ့သည်။ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစီမံကိန်းအတွက် ဘန်ဂါလုရူအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် မြေဧက ၃၀၀ ခန့်ကို လျာထားသည်။

ရောင်လျူသည် အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် နရန်ဒါ မိုဒီနှင့် တွေ့ဆုံခဲ့ပြီး အိန္ဒိယ၏ နည်းပညာနှင့် တီထွင်ဆန်းသစ်သော ဂေဟစနစ်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required