ပုဏ္ဏားကျွန်းတွင် အရက်မူးပြီး မိမိအိမ်ကို မီးရှို့ရာမှ နေအိမ် ၃ လုံး မီးလောင်၊ ကျူးလွန်သူကို AA ဖမ်းဆီး

By သူသူဇော်
09 March 2023
ပုဏ္ဏားကျွန်းတွင် အရက်မူးပြီး မိမိအိမ်ကို မီးရှို့ရာမှ နေအိမ် ၃ လုံး မီးလောင်၊ ကျူးလွန်သူကို AA ဖမ်းဆီး

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီးပြင်စံပြကျေးရွာတွင် မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အရက်မူးပြီး မိမိနေအိမ်ကို မီးရှို့ရာမှ နေအိမ်သုံးလုံးမီးလောင်ပြာကျသွားပြီး မီးရှို့သူကို ရက္ခိုင့် တပ်တော် (ULA/AA) နယ်မြေရုံးမှ ဖမ်းဆီးသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

မီးလောင်သွားသည့်နေအိမ်များမှာ ပိုးရွှီးပြင်ကျေးရွာမှ ဦးခင်မောင်ဌေး၊ ဦးဘရွှေနှင့် ကိုကျော်ဆန်းလှိုင် တို့၏ နေအိမ်များဖြစ်ကြသည်။

ဖြစ်စဉ်မှာ ဦးခင်မောင်ဌေး၏သားဖြစ်သူ ဦးနိုင်နိုင်ချေသည် အရက်မူးပြီး ၎င်း၏နေအိမ်ကိုမီးရှို့ခြင်းဖြစ် ကြောင်း ပိုးရွှီးပြင်ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူက အိမ်နဲ့ရန်ဖြစ်ပြီး ကိုယ့်အိမ်ကိုမီးရှို့တာ။ မီးလောင်တာကိုရွာသားတွေကမြင်ပြီး ငြှိမ်းမလို့လုပ် တယ်။ နိုင်နိုင်ချေက ဓားကိုင်ပြီး အိမ်ဝမှာ စောင့်နေတယ်။ သူတို့အိမ်လောင်တော့ လေတိုက်တာကြောင့် နောက်တစ်အိမ်ကို ကူးသွားတယ်။ သူ့အိမ်အပါအဝင် ဘေးနားက နှစ်အိမ်လောင်သွားတယ်၊ ဆိုတော့ သုံးအိမ်လုံးပြာကျသွားတယ် ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နေအိမ်ကိုမီးရှို့ခဲ့သည့် ကိုနိုင်နိုင်ချေအား ရက္ခိုင့်တပ်တော် ULA/AA ၏ ပုဏ္ဏားကျွန်းမြို့နယ်၊ နယ်မြေရုံးတာဝန်ရှိသူများက ဖမ်းဆီးသွားကြောင်း အဆိုပါ ဒေသခံကပြောသည်။

“လက်ရှိမှာတော့ သူကို AA နယ်မြေရုံးက ဖမ်းဆီးသွားပါတယ်။ ဆုံးရှုံးမှုကတော့များပါတယ်။ ဘယ်လို အရေးယူမလဲတော့ ကျနော်တို့လည်း မသိသေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ အမှတ် (၁၂) ရဲတပ်ရင်းရှေ့ရှိ စက်သုံး ဆီအရောင်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မဇ္ဈိမက ကောက်ယူထားသော မှတ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယခု မတ်လ ၉ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၂၀ ကျော်ရှိပြီ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required