မြန်မာတက်ကြွလှုပ်ရှားသူနှင့် ဗြိတိန်ဘုရင် ချားလ်စ် တွေ့ဆုံ 

မြန်မာတက်ကြွလှုပ်ရှားသူနှင့် ဗြိတိန်ဘုရင် ချားလ်စ် တွေ့ဆုံ 

တိုင်းရင်းသား ကရင်အမျိုးသမီးဖြစ်ပြီး ကာလရှည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇိုယာဖန်သည် ဖေဖော်ဝါရီ ၁ ရက်၌ ဗြိတိန်တွင် ဘုရင် ချားလ်စ် (၃ )နှင့် တွေ့ဆုံခဲ့သည်။ 

ဘတ်ကင်ဟမ်နန်းတော်၌ ဘုရင်နှင့် ဘုရင်မတို့၏ စုံဖက်မှုအခမ်းအနားတွင် ဗြိတိန်နိုင်ငံအတွက် အရှေ့နှင့် အရှေ့တောင်အာရှ အသိုင်းအဝိုင်း၏ ပါဝင်ပတ်သက်မှုအား ဂုဏ်ပြုရာတွင် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

အခမ်းအနားတွင် ဘုရင် ချားလ်စ်က မဇိုယာကို သူ့၏ တိုင်းရင်းသားဝတ်စုံကြောင့် ကရင်အမျိုးသမီးဖြစ်မှန်း ချက်ချင်းမှတ်မိသည်ဟု ဆိုသည်။ “ဘုရင်ကြီး ကြည့်ရတာ မြန်မာအရေးကို တော်တော်လေး စိတ်ဝင်စားပုံ ရှိပါတယ်၊ မြန်မာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရှိလာရင် လာရောက်လည်ပတ်ချင်ပုံ ရပါတယ်”ဟု မဇိုယာက မဇ္ဈိမသို့ ပြောသည်။ 

မဇိုယာအနေဖြင့် မြန်မာနိုင်ငံအား ဘုရင်ကြီး၏ ထောက်ပံ့မှုများကို  ကျေးဇူးတင်ပြီး အရပ်သားများကို စစ်ကောင်စီ၏ ကျုးလွန်ဆဲ တိုက်ခိုက်မှုများနှင့် မြန်မာပြည်သူများ မည်မျှအထိ ကူကယ်ရာမဲ့ ဖြစ်နေသည်ကို ဘုရင်အား ပြောပြခဲ့သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဗြိတိသျှအုပ်စိုးစဉ်က ကရင်များသည် ဗြိတိသျှအစိုးရနှင့် စစ်တပ်တို့နှင့် အနီးကပ် လုပ်ကိုင်မှုများ ရှိခဲ့သည်။ ၁၉၄၈ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံသည် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု အချို့က ရည်ညွှန်းသော စစ်နွံထဲသို့ ကျဆင်းခဲ့သည်။ ယင်း ပဋိပက္ခအတွင်း ကရင်အပါအဝင် တိုင်းရင်းသားအုပ်စုတို့သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများအတွက် တိုက်ပွဲဝင်ကြသည်။ 

“ကရင်နဲ့ အခြား တိုင်းရင်းသားတွေဟာ ဗမာဘုရင်တွေ အုပ်ချုပ်မှုအောက်မှာ ရက်စက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေကို အကြီးအကျယ် ခံစားခဲ့ကြရတယ်၊ ဗမာနိုင်ငံက ကရင်နဲ့ တိုင်းရင်းသားအများစုအတွက်တော့ ဗြိတိသျှအုပ်ချုပ်မှုအောက်မှာ အခြေအနေတွေ ပိုကောင်းတာ ဖြစ်တယ်၊ ကျွန်မတို့ ကရင်တွေအနေနဲ့ ဗြိတိသျှရော ဗမာရောရဲ့ အုပ်ချုပ်ခံ မဖြစ်ချင်ဘူး၊ ကျွန်မတို့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ပဲ လိုလားတယ်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝတွေ၊ မြေယာတွေနဲ့ သဘာဝအရင်းအမြစ်တွေကို ကိုယ်တိုင်စီမံခန့်ခွဲလိုတယ်”ဟု မဇိုယာက ပြောသည်။ 

လအစ၌ ယခုတွေ့ဆုံမှုသည် ချားလ်စ်ဘုရင်နှင့် မဇိုယာအကြား ပထမဆုံး တွေ့ဆုံမှု မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်များအတွင်း ဝေလမင်းသားဟောင်း ချားလ်သည် မဇိုယာနှင့် တွေ့ဆုံမှုများ ရှိထားပြီး မောင့်ဘတ်တန်ထံမှ ဗမာနှင့် ကရင်များအကြောင်းကို လေ့လာဖူးကြောင်း ၎င်းက မဇိုယာအား ပြောဖူးထားသည်။ 

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်၌ ကုန်းဘောင်မင်းဆက် ပြုတ်ကျပြီး ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly