တရုတ်နိုင်ငံမှ ဂျပန်အထည်ချုပ်စက်ရုံများ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်း

By Free Malaysia Today
10 December 2022
တရုတ်နိုင်ငံမှ ဂျပန်အထည်ချုပ်စက်ရုံများ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်း

တရုတ်နိုင်ငံ၏ မြင့်တက်လာသော လုပ်အားခနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများကြောင့် နိုင်ငံလွှမ်းမိုးနိုင်မှု တစ်စတစ်စလျော့ကျလာချိန်တွင် အကြီးစား ဂျပန်အထည်ချုပ်စက်ရုံများသည် တရုတ်ရှိ ပြည်ပထုတ်လုပ်မှုများကို အရှေ့တောင်အာရှသို့ ရွှေ့ပြောင်းလျက်ရှိသည်။

ယန်းငွေတန်ဖိုးကျဆင်းခြင်းနှင့် ကုန်ကြမ်းစရိတ်များ မြင့်တက်လာချိန်တွင် အထည်ချုပ်ကုမ္ပဏီများသည် ကုန်ကျစရိတ်ကို လျှော့ချရန် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုလျက်ရှိသည်။ အာရှ-ပစိဖိတ် ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သည့် ဒေသတွင်း ပြီးပြည့်စုံသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ဇန်နဝါရီလတွင် အသက်ဝင်ခဲ့ပြီး ကုမ္ပဏီများအတွက် အသက်သွေးကြောအသစ်တစ်ခု ဖြစ်လာသည်။

အကြီးစား အထည်ချုပ်ကုမ္ပဏီများဖြစ်သော Adastria ၊ Aoyama Trading နှင့် Uniqlo ကဲ့သို့သော ကုမ္ပဏီများသည် အထည်အလိပ်သွင်းကုန်ခွန်များ လျှော့ချမှု သို့မဟုတ် ကင်းလွတ်ခွင့်များကို

အခွင့်ကောင်းယူကာ ထုတ်လုပ်မှုအခြေစိုက်ကုမ္ပဏီအချို့ကို အရှေ့တောင်အာရှရှိ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ပြောင်းရွှေ့လျက်ရှိသည်။

ကုမ္ပဏီများသည် ၁၉၈၀ ပြည့်နှစ်အလွန်မှစ၍ ဂျပန်မှ ထုတ်လုပ်မှုများကို လုပ်အားခသက်သာသော တရုတ်နိုင်ငံသို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် ၂၀၁၀ ဝန်းကျင်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကြောင့် တရုတ်တွင် လုပ်အားခများ မြင့်တက်လာစဉ် ကုမ္ပဏီများသည် China plus one မူဝါဒတစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့တောင်အာရှသို့ တိုးချဲ့လာကြသည်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ စက်ရုံအလုပ်သမားတစ်ဦး၏ ပျမ်းမျှလစာသည် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၆၇၀ ခန့်အထိ ရှိလာပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ လစာ အမေရိကန်ဒေါ်လာ ၂၇၀ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှ စက်ရုံအလုပ်သမား လစာ အမေရိကန်ဒေါ်လာ ၁၂၀ တို့ထက် များကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့က ပြောသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို တားဆီးရေးအတွက် အသွားအလာပိတ်ဆို့မှုအသည်းအသန်လုပ်ဆောင်သည့် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက နိုင်ငံ၏ ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကို အကြီးအကျယ် သက်ရောက်လျက်ရှိသည်။

ဂျပန်အထည်ချုပ်ကုမ္ပဏီများသည် ဝယ်လိုအားပြည့်မီရန် အခက်အခဲများကြုံတွေ့နေရပြီး တရုတ်နိုင်ငံတွင်း ထုတ်လုပ်မှုအပေါ် အလေးထားခြင်း၏အန္တရာယ်များကို သတိထားမိလာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly