ဂျီဘူတီနိုင်ငံက တရုတ်နှင့် တခြားချေးငွေပြန်ဆပ်မှုကို ဆိုင်းငံ့ထားကာ အကြွေးများကို လျှော်စေလို

ဂျီဘူတီနိုင်ငံက တရုတ်နှင့် တခြားချေးငွေပြန်ဆပ်မှုကို ဆိုင်းငံ့ထားကာ အကြွေးများကို လျှော်စေလို

တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာအကျိုးစီးပွားများရှိရာ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ဆုံချက်၌ရှိသည့် သေးငယ်သောနိုင်ငံ ဂျီဘူတီသည် ငွေကြေးဖိအားများအောက်၌ ရုန်းကန်နေရကာ အဓိကမြီရှင် ၂ နိုင်ငံအား အကြွေးမဆပ်ဘဲ ဆိုင်းငံ့ထားသည်။

ဂျီဘူတီ၏ ပြည်ပကြွေးမြီသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၅၄ သန်းရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၃ ဆတိုးကာ ၁၈၄ သန်းထိရှိလာခဲ့ပြီး လာမည့်နှစ်တွင် ဒေါ်လာ ၂၆၆ သန်းထိ ထပ်တိုးနိုင်ကြောင့် အဆိုပါ နိုင်ငံနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျီ-၂၀ ၏ ကြွေးမြီဆိုင်းငံ့ရေးအစီအစဉ်(DSSI) မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးသွားမှုနှင့်အတူ ဂျီဘူတီမှ အီသီယိုးပီးယားကို သွယ်တန်းသော ရေပိုက်လိုင်းအတွက် ချေးငွေပြန်ဆပ်မှုစတင်လာသဖြင့် ကြွေးမြီများ များပြားလာခြင်းဖြစ်သည်။

ကြွေးမြီဆိုင်းငံ့ရေးအစီအစဉ်ပြီးဆုံးပြီးနောက် ဂျီဘူတီ၏ ပြည်ပကြွေးကျန်မှာ ယမန်နှစ်ကထက် ၂၆ ဒသမ ၄ ရာခိုင်နှုန်းတိုးပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် အမေရိကန်ဒေါ်လာ ၁၀၁ သန်းရှိလာကာ နိုင်ငံဂျီဒီပီ၏ ၃ ရာခိုင်နှုန်းရှိသည်။

ဂျီဘူတီသည် ၂၀၂၀ ခုနှစ်အကုန်ပိုင်းတွင် ပြည်ပမြီရှင်များကို ဆပ်ရမည့်အကြွေးမှာ စုစုပေါင်း ၂ ဒသမ ၆၈ ဘီလီယံရှိသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပအကြား ဆုံချက်တွင်တည်ရှိသော ဂျီဘူတီသည် တိုက်ကြီးတစ်ဝန်းရှိ ဒေါ်လာထရီလီယံပေါင်းများစွာတန်သော ကြီးမားသည့်စီမံကိန်းများစွာပါဝင်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက် အရေးပါသော နေရာတစ်ခုဖြစ်သည်။

ဂျီဘူတီသည် တရုတ်ချေးငှားသူများထံမှ ၂၀၀၀ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ယူခဲ့ကြောင်း ဘော်စတွန်တက္ကသိုလ်၏ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒစင်တာ ဖော်ပြထားသည်။

ဂျီဘူတီသည် ကြွေးမြီဆပ်ရန် အမြဲအခက်တွေ့နေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုနှင့် ဂျီဘူတီ၏စီးပွားရေးအပေါ် တခြားထိခိုက်မှုများကြောင့် အကြွေးမဆပ်နိုင်ဘဲဖြစ်လျက်ရှိကြောင်း ဗြိတိန်အခြေစိုက်ပရဟိတအဖွဲ့ Debt Justice ၏ မူဝါဒရေးရာအကြီးအကဲ တင်ဂျုန်းစ် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required