အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းအား ဥပဒေမဲ့အဖြစ် အင်ဒိုနီးရှား လွှတ်တော် အတည်ပြု 

အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းအား ဥပဒေမဲ့အဖြစ် အင်ဒိုနီးရှား လွှတ်တော် အတည်ပြု 

ဒီဇင်ဘာလ ၆ ရက်

အင်ဒိုနီးရှားနိုင်ငံတွင် ပြစ်မှုဆိုင်ရာကိုဓဥပဒေကို ပြင်ဆင်ပြောင်းလဲနေရာတွင် လက်မထပ်မီ လိင်ဆက်ဆံခြင်းအား ဥပဒေမဲ့အဖြစ် ပြဋ္ဌာန်းသတ်မှတ်သော ဥပဒေပြုမှုကို လွှတ်တော်က အင်္ဂါနေ့တွင် အတည်ပြုလိုက်ပြီဖြစ်ရာ နိုင်ငံ၏ လွတ်လပ်ခွင့်များကို နောက်ကြောင်းပြန်ခြင်းအဖြစ် ဝေဖန်သူများက ရှုမြင်ကြသည်။ 

အဆိုပါ အငြင်းပွားဖွယ် ရာဇဝတ်မှုဆိုင်ရာကိုဓဥပဒေသစ်ကို မျက်နှာစုံညီ အစည်းအဝေး၌ လွှတ်တော်အမတ်များထံမှ ထောက်ခံမဲ အများစု ရရှိပြီးနောက်တွင် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဆူဖမီ ဒါစကို အာမတ်က တူကို ထုကာ အတည်ပြုပြီး “ဥပဒေ” ဖြစ်ပြီဟု ကြွေးကြော်သည်။ 

ယခု ပြင်ဆင်ဥပဒေပြဋ္ဌာန်းမှုကို လူ့အခွင့်အရေးအုပ်စုများက ကန့်ကွက်ပြီး ပြည်သူများ၏ လွတ်လပ်ခွင့်ကို နှိမ်နင်းခြင်းနှင့် ကမ္ဘာ့မွတ်စလင်အများဆုံးနိုင်ငံ၌ ရှေးရိုးစွဲဝါဒသို့ ဦးတည်ခြင်းအဖြစ် ရှုတ်ချကြသည်။ 

“အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ ငြင်းခုံဆွေးနွေးရတဲ့ မတူကွဲပြားတဲ့ အမြင်သဘောထားတွေမှာ လိုက်လျောညီထွေမှု ဖြစ်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားထားတယ်၊ ဒါပေမဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်မှုမှာ သမိုင်းဝင် ဆုံးဖြတ်ချက် ချဖို့ ဒါဟာ ကျွန်တော်တို့အတွက် အချိန်ကောင်းပဲ၊ ကျွန်တော်တို့ ဆက်ခံထားရတဲ့ ကိုလိုနီခေတ် ရာဇဝတ်မှုဥပဒေတွေကို ချန်ထားရစ်နိုင်ပြီ”ဟု ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ယာဆွန်နာ လာအိုလီက လွှတ်တော်တွင် ပြောသည်။ 

အသစ်အတည်ပြုသော ယခု ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွင် အများစု အငြင်းပွားဖွယ် ရှိနေသည့် ဥပဒေအချို့မှာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့်အတူ လက်မထပ်ရသေးသည့် စုံတွဲများ အတူပေါင်းသင်းနေထိုင်ခြင်းတို့အား ပြစ်မှုအဖြစ်  ဥပဒေ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ 

ထို့ပြင် ယခု စည်းမျဉ်းဥပဒေသများသည် လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုသော အင်ဒိုနီးရှားရှိ လိင်တူချစ်သူအသိုင်းအဝန်းကို ကြီးမားစွာ သက်ရောက်မည်ဟု စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ 

ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ရာဇဝတ်ဆိုင်ရာကိုဓဥပဒေကြမ်း ဖြန့်ဝေရေးအသင်း၏ ပြောခွင့်ရသူ အယ်လ်ဘတ် အာရီးစ်က မဲမပေးမီ ဥပဒေပြင်ဆင်ချက်ကို ခုခံကာကွယ်ပြောပြီး ယခု ဥပဒေသည် အိမ်ထောင်ရှင် အသိုင်းအဝိုင်းကို ကာကွယ်ပေးလိမ့်မည်ဟု ပြောဆိုသည်။ 

လက်မထပ်မီ လိင်ဆက်ဆံခြင်းနှင့် အိမ်ထောင်ရေး ဖောက်ပြန်သည့် လုပ်ရပ်များကို အိမ်ထောင်ဖက်၊ မိဘနှင့် သားသမီးများကသာ တင်ပြနိုင်မည်ဖြစ်ပြီး ပြင်ဆင်ချက် ဥပဒေ အဝန်းအဝိုင်းက အကန့်အသတ်ရှိသည်ဟု ၎င်းက ပြောဆိုသည်။ 

သို့ရာတွင် လူ့အခွင့်အရေး အုပ်စုများက ယခု ဥပဒေပြုမှုသည် ကျင့်ဝတ်ဆိုင်ရာ မူဝါဒချမှတ်မှုပဲဟု ပြောဆိုကြပြီး အရပ်ဘက်နှင့် နိုင်ငံရေးလွတ်လွပ်ခွင့်များကို ဖြိုခွင်းခြင်းအဖြစ် တက်ကြွလှုပ်ရှားသူများက ရှုတ်ချကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required