နောင် ငါးနှစ်အတွက် မြန်မာကို ဒိန်းမတ် ဘာတွေ ကူညီမလဲ (ဒိန်းမတ် သံအမတ်နှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး)

နောင် ငါးနှစ်အတွက် မြန်မာကို ဒိန်းမတ် ဘာတွေ ကူညီမလဲ (ဒိန်းမတ် သံအမတ်နှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး)

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာ ပီတာလစ်ရှော့တ် (Mr. Peter Lysholt) နှင့် မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်တို့ တွေ့ဆုံကာ ကျယ်ပြောလှသော အကြောင်းအရာ များကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

ယင်းတို့အထဲတွင် မြန်မာနိုင်ငံ အစိုးရ၏လုပ်ငန်းဆောင်ရွက်ပုံများ တိုးတက်စေရန်နှင့် တရားရေးစနစ် တိုးတက်စေရန် အကြောင်းများ၊ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ကူညီထောက်ပံ့ခြင်း၊ ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းများ စသည်တို့ပါဝင်ခဲ့ပါသည်။

 မဇ္ဈိမ ။ ။ မြန်မာနဲ့ ဒိန်းမတ်နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းက စလိုက်ချင်ပါတယ်။ ၁၉၅၅ ခုနှစ်ကတဲက စတင်ခဲ့တဲ့ ဒီဆက်ဆံရေး အပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ၊ တချို့အချိန်တွေမှာ ဆက်ဆံရေး မကောင်းခဲ့တာတွေလဲ ရှိခဲ့တော့လေ။

ဒိန်းမတ်သံအမတ်ကြီး ။         ။ နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်ခဲ့တာ ၁၉၅၅ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၆၁ နှစ်ရှိပါပြီ။ နှစ်နိုင်ငံအကြား အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ကာလရှည်ကြာစွာ တည်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများစွာလဲ ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် အပြောင်းအလဲ ဖြစ်တဲ့အခါ ကျနော်တို့အတွက်လဲ မြန်မာအစိုးရနဲ့ အလုပ်လုပ်ရတာ အတော် အခက်အခဲ ရှိခဲ့ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း ကျနော်တို့ ရဲ့ ကောင်စစ်ဝန် အဖမ်းခံခဲ့ရတယ်၊ ထောင်ထဲမှာဘဲ သေဆုံးသွားခဲ့ရပါတယ်။

ဒါမကြာသေးခင် နှစ်ကာလတွေအတွင်းက ဖြစ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ ပွင့်လင်းလာပြီးတဲ့နောက် မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဒိန်းမတ် နိုင်ငံက ခိုင်မာအောင်လုပ်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံက ပေးအပ်တဲ့ ဖွံ့ဖြိုးရေး အကူအညီမှာ မြန်မာနိုင်ငံက ဦးစားပေးနိုင်ငံထဲ ပါပါတယ်။ အခုသံရုံးလဲ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါပြီ။

မေး ။   ။ ဒါဆိုရင် ၂၀၁၄ ခုနှစ်မှာ သံရုံးဖွင့်တာက နှစ်နိုင်ငံ ဆက်ဆံရေးကို အရှိန် တိုးမြှင့်ဘို့လားဗျ

ဖြေ ။   ။ အကြောင်းကတော့ အများကြီးရှိမယ်လို့ ကျနော်ထင်ပါတယ်။ ပထမဆုံး ပြောချင်တာက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို ကျနော်တို့ ထောက်ခံတယ် ဆိုတာကို ပြသချင်တာလဲ ပါပါတယ်။ ဒါကိုလုပ်ဘို့ ဆိုရင် ကျနော်တို့ ဒီမှာရှိနေတာက ပိုကောင်းတယ်လို့ တွေးခဲ့ပါတယ်။ ကျနော် ပြောခဲ့သလိုပါဘဲ မြန်မာနိုင်ငံကို ဒိန်းမတ်က ပေးတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေမှာ ဦးစားပေးအနေနဲ့ ထားချင်ပါတယ်။ ရေရှည်မှာ ဒိန်းမတ်နဲ့ မြန်မာစီးပွါးရေး လုပ်ငန်းတွေ အကြားမှာလဲ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်လာပါလိမ့်မယ်။

မေး ။   ။ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ စီးပွါးရေး လုပ်ငန်းတွေအကြောင်း ပြောခဲ့တယ်။ နှစ်နိုင်ငံအကြား အခြား ဆက်ဆံရေးတွေကရော ဘာတွေရှိပါသလဲ။

ဖြေ ။   ။ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံနဲ့ ပူးတွဲဆောင်ရွက်မှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတ ရပ်ဖြစ်ပါတယ်။ ဒါအရင်ထဲကလဲ ရှိခဲ့ပါတယ်။ အခုတော့ ဒိန်းမတ်ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံကို ဦးစားပေး နိုင်ငံအဖြစ် ထားရှိလာပါတယ်။ ဒါပေမဲ့ တခြားဆက်ဆံရေးတွေလဲ အများအပြား ရှိဦးမှာပါလို့ ကျနော် ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက ချင်းလူမျိုး အများအပြား ဒိန်းမတ်မှာ နေထိုင်နေကြ ပါတယ်။ ဒီတော့ ဒိန်းမတ်နဲ့ ချင်းပရိုတက်စတင့် ဘာသာဝင်တွေအကြား ဆက်ဆံရေးလဲ ရှိတာပေါ့။ ဒိန်းမတ် အနုပညာရှင်တွေနဲ့ မြန်မာ အနုပညာရှင်တွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်လာဘို့လဲ ကျနော်တို့ လုပ်နေပါတယ်။ ဒီတော့ ပူးတွဲ ဆောင်ရွက်မှုတွေကို ကျယ်ပြန့်အောင် လုပ်နေပါတယ်။ ဒီအထဲမှာ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု၊ လဲပါပါတယ်။ စီးပွါးရေး လက်တွဲဆောင်ရွက်မှုကိုလဲ တိုးမြင့်နေပါတယ်။

မေး ။    ။ သံအမတ်ကြီးဟာ ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ခုမြန်မာ့အသွင် ကူးပြောင်းရေး ကိုလဲမြင်တွေ့ခဲ့ရပြီ။ မြန်မာ့ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး အပေါ် အမြင်ဘယ်လိုရှိပါသလဲ။

ဖြေ ။    ။ ခင်ဗျားဆိုလိုတာ ၂၀၁၁ ခုနှစ်က ခုအထိဆိုရင်တော့ အများကြီး ပြောင်းလဲခဲ့ပါပြီလို့ ထင်ပါတယ်။ ဥပမာ မီဒီယာကိုပြောရရင် ကျနော့်အမြင်မှာ နှိုင်းယှဉ်ချက်အရ အများကြီး လွတ်လပ်လာပါပြီ။ အရပ်ဖက်အဖွဲ့အစည်းတွေကို ကြည့်ရင်လဲ အရင်ထက်စာရင် အများကြီး လုပ်ခွင့် သာလာပါပြီ။ ဒီလိုဘဲအခြား နယ်ပယ် အများအပြားမှာလည်း ခုလိုဘဲ တိုးတက် လာတာတွေကို တွေ့ရမှာပါ။ ဒါပေမဲ့ ရှေ့မှာအဝေးကြီးတော့ လျှောက်ရဦးမယ် တိုးတက်မှုကတော့ ရှိခဲ့ပါတယ်။

မေး ။     ။ အရပ်ဖက် စစ်ဖက် ဆက်ဆံရေးကရော ဘယ်လိုလဲ။ အစိုးရသစ်နဲ့ စစ်တပ်အကြား ဆက်ဆံရေးကရော ဘယ်လိုဖြစ်မလဲ။

ဖြေ ။      ။ ခင်ဗျားတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို အခွင့်အရေးအချို့ ပေးထားတယ်။ ဒါက အချက်အလက် တခုဘဲ။ ဥပမာ အနေနဲ့ပြရရင် လွှတ်တော်နေရာ အားလုံးရဲ့ ၂၅% ကို စစ်တပ်ကို ပေးထားတယ်။ စစ်တပ်က ဝန်ကြီးအချို့ကို ခန့်အပ်တယ်။ ဒီတော့ ရွေးကောက်ခံ အစိုးရနဲ့ စစ်တပ်အကြား ဆက်ဆံရေးက အခြားဒီမိုကရေစီ နိုင်ငံတွေနဲ့တော့ တူမှာ မဟုတ်ဘူး။ ဒါကလဲ ဖြစ်စဉ်တခုပါဘဲ။ ဒါပေမဲ့ ကျနော့်အမြင် ပြောရရင် အရေးကြီးတဲ့ အချက်က ရွေးကောက်ပွဲက အတော်ကောင်းကောင်း မွန်မွန်လုပ်ခဲ့တယ်။

တက်လာမဲ့ အစိုးရက ပြည်သူလူထုရဲ့ ရွေးချယ်တာဝန်ပေးမှုကို ပြတ်ပြတ်သားသား ရခဲ့တယ်။ သူတို့ အစိုးရတာဝန်ယူလာတဲ့အခါ ပြည်သူပေးလိုက်တဲ့ လုပ်ပိုင်ခွင့် အင်အားကို သုံးပြီး လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ လူထုက အပြောင်းအလဲကို လိုချင်နေပြီ။ သူတို့က အစိုးရသစ်ကို လိုချင်နေပြီ။ ဒါဟာ အစိုးရသစ်တရပ်အတွက် သူ့လုပ်ငန်း စနိုင်ဘို့ အလွန်အင်အားကောင်းတဲ့ အနေအထားတရပ်ကို ရရှိထားတာပါဘဲ။

မေး ။    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရတရပ်ကို ကျနော်တို့ တွေ့ရတော့မယ်။ အစိုးရသစ်အတွက် အဓိက အတားအဆီး အခက်အခဲတွေက ဘာတွေဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ ။      ။ မြန်မာလူထုရဲ့ မျှော်လင့်ချက်က အရမ်းမြင့်မားပါတယ်။ သူတို့က အလုပ်တွေ အများကြီး လိုချင်တယ်။ ပညာရေး ပိုကောင်းလာစေချင်တယ်။ ဒီလိုဘဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ်လဲကောင်းစေချင်တယ်။ လူ့အခွင့်အရေးကို လေးစားစေချင်တယ်။ တရားရေးစနစ် မျှတစေချင်တယ်။  ဆက်ပြောရရင် ဆုံးမှာမဟုတ်ဘူး။ ဒီတော့စိန်ခေါ်မှု တွေကလည်း သိပ်ကြီးတာပေါ့။ လူတွေ နားလည်ဘို့လိုတာက စိန်ခေါ်မှုအားလုံးကို ညတွင်းချင်း ရှင်းပစ်လို့မရဘူး။ ဒါဟာဖြစ်စဉ်တခု ဖြစ်တယ်။ အချိန်ယူရမယ်။ ဒါပေမဲ့ ကျနော်ခုနက ပြောခဲ့သလိုပါဘဲ၊ ခုလာမဲ့ ဒီချုပ်အစိုးရဟာ ပြည်သူလူထုက လုပ်ပိုင်ခွင့် အပ်နှင်း ခံထားရသူတွေဖြစ်ပါတယ်။

မေး ။     ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အစိုးရသစ်က ကိုင်တွယ် ဖြေရှင်းနိုင်ဘို့ ဒိန်းမတ် အစိုးရအနေနဲ့ ဘယ်လို အခိုင်အမာ ကမ်းလှမ်းမှုတွေ ပေးနိုင်ပါမလဲ။

ဖြေ ။    ။ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ၅ နှစ် စီမံကိန်းကို ကျနော်တို့ ရေးဆွဲနေပါတယ်။ ဒီနှစ်မကုန်ခင် အပြီးသတ် နိုင်ပါလိမ့်မယ်။ ကျနော်တို့ အကူအညီ အထောက်အပံ့တွေကို နယ်ပယ် အတော်များများမှာ အဓိကထား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ ကူညီတာ ပါမယ်ဆိုရင် ခင်ဗျား အံ့အားသင့်မှာ မဟုတ်ပါဘူး။ အလှူရှင်အများအပြား ပါဝင်ထည့်ဝင်ထားတဲ့ ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေထဲမှာ ကျနော်တို့လဲ ဘဏ္ဍာရေး အကူအညီ ထည့်ဝင်ထား ပါတယ်။

တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေး လုပ်ငန်းတွေ မြင့်တင်ဘို့ စွမ်းဆောင်ရည် မြင့်တင်ရေး အကူအညီတွေ ဘယ်လိုပေးရမယ်ဆိုတာ မြန်မာ အစိုးရသစ်နဲ့ တိုင်ပင် ဆွေးနွေး သွားပါမယ်။ ဒီအထဲမှာ တရားရေးစနစ် တခုလုံးလဲ ပါမှာပေါ့။ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ခင်ဗျား ဘာတွေ အစပျိုး လုပ်ဆောင် ပေးရမယ် ဆိုတာ ပါလာပါမယ်။ ဒါဟာအလွန် အရေးကြီး တဲ့နယ်ပယ်ပါ။ ဥပဒေ အကူအညီ ရှေ့နေရှေ့ရပ် အကူအညီ လိုအပ်သူတွေကို ဘယ်လိုအကူအညီပေး မလဲ ဆိုတာလဲ ပါပါမယ်။

တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ ရှေ့နေရှေ့ရပ် တွေပါဝင်နိုင်ရေး အတွက် အရည်အချင်းမြှင့် သင်တန်းတွေလဲ ပါပါမယ်။ တချိန်ထဲမှာ လူ့အခွင့်အရေး လေစားလိုက်နာရေး မြှင့်တင်ရေးနဲ့ တိုးတက်အောင် လုပ်ရေး အစီအစဉ်တွေလဲ ပါပါမယ်။

တခြားအရေးကြီးတဲ့ နယ်ပယ်ကတော့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး ဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေကို အထောက်အပံ့ပေးဘို့ ရံပုံငွေတရပ် ထားရှိဘို့လဲ ပြင်ဆင်နေပါတယ်။ အဲဒီလုပ် ငန်းတွေမှာ စွမ်းအင် ထိရောက်စွာ အသုံးချရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးတို့ ဖြစ်ပြီးသူတို့ကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ နောင်မှာ ပြင်ပက ရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်သွားနိုင်ဘို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီလုပ်ငန်းတွေက ထွက်လာတဲ့ ထွက်ကုန်တွေကို ဒိန်းမတ်အပါအဝင် ဥရောပကိုတင်ပို့နိုင်ဘို့ ဖြစ်ပါတယ်။ အားလုံး ပါဝင်တဲ့ရေရှည် စီးပွါးရေးတိုးတက်မှု ရချင်ရင် ဒီအသေးစားနဲ့ အလတ်စား စီးပွါးရေး လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာမှ ဖြစ်မှာပါ။

ကျနော်တို့ ထောက်ပံ့ကူညီမဲ့ နောက်နယ်ပယ်တခုကတော့ အစိုးရစနစ် စွမ်းဆောင်ရည် တိုးတက်လာရေး ဖြစ်ပါတယ်။ စာရင်းအင်းတွေနဲ့ သက်သေပြနိုင်ရေး ဖြစ်ပါတယ်။ ဥပမာ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေအကြောင်း လေ့လာရင် သူတို့အကြောင်း သိဘို့အချက်အလက် အကန့်အသတ် ရှိတာကိုတွေ့ရမယ်။ ဘာတွေကသူတို့ကို ဖွံ့ဖြိုး တိုးတက် စေတာလဲ၊ ဘာတွေက ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတား ဖြစ်နေသလဲ၊ ဒါတွေကို သိမြင်အောင်ကြည့် ရာမှာ အကန့်အသတ်တွေ ရှိတယ်။ ဒါကြောင့် ဗဟိုစာရင်းအင်းအ ဖွဲ့နဲ့ကျနော်တို့ လက်တွဲ အလုပ်လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်။ ဒီတော့မှ စာရင်းအင်း အချက်အလက် အထောက်အထားတွေ ရရှိလာပြီး နိုင်ငံရေး သမားတွေ မူဝါဒ ချမှတ်ရာမှာ ဒီအထောက်အထား တွေအပေါ် အခြေခံ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှုမှာလည်း ကျနော်တို့ ကူညီဘို့ ရှိပါတယ်။ ငါးလုပ်ငန်းအပေါ် မှီခိုနေရသူ မြန်မာနိုင်ငံမှာ ၃ သန်းကနေ ၄ သန်း လောက်အထိ ရှိပါတယ်။ ပြဿနာက ငါးသယံဇာတ ကျဆင်းနေတာဖြစ်ပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး ဆိုရင် ငါးလုပ်ငန်းအပေါ် မှီခိုနေရတဲ့သူတွေ ပိုလို့ ဆင်းရဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လုပ်ချင်တာ ခုလုပ်နေတာက ဒေသန္တရ အာဏာပိုင်တွေနဲ့ ငါးသယံဇာတ ပူးတွဲစီမံခန့်ခွဲရေး ကိစ္စကိ ုဆွေးနွေးနေကြတာ ဖြစ်ပါ တယ်။ ဆိုလိုတာ ဒေသခံလူထုက ငါးသယံဇာတ စီမံခန့်ခွဲရေးမှာ အတူပါဝင် လုပ်ဆောင်ရန်ဖြစ်ပြီး ငါးလုပ်ငန်း ဦး စီးဌာနက ကူညီထောက်ပံ့မှုတွေ လုပ်ပေးမှာ ဖြစ်ပါတယ်။

မေး ။      ။ ဆိုတော့အ စိုးရသစ်ကိုတိုက်ရိုက်အ ထောက်အပံ့ပေးမှာပေါ့။

ဖြေ ။     ။ လုံးဝကိုဟုတ်ပါတယ်။ ကျနော်တို့ အထောက်အပံ့ပေးဘို့ ရည်ရွယ်ထားတဲ့ နောက်ဆုံးနယ်ပယ်ကတော့ အခြေခံပညာရေးပါ။ ပညာ သင်ကြားခွင့် ရရှိရေးနဲ့ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် အစိုးရသစ်ကို အကူအညီပေးဘို့ ကျနော်တို့အ ဆင်သင့်ရှိပါတယ်။ ကျောင်းသင်ပညာရေးရော ကျောင်းသင် ပညာရေးမှာမပါတဲ့ နယ်ပယ်တွေမှာပါ ကျနော်တို့ ကူညီသွားမှာပါ။ ကျနော်တို့က အစိုးရသစ်နဲ့ တိုက်ရိုက် ဆက်ဆံ အလုပ်လုပ်ချင်ပါတယ်။ အစိုးရသစ်နဲ့ တိုက်ရိုက်ပူးတွဲ လုပ်ဆောင်မှုတွေ ပိုလုပ်ချင်ပါတယ်။ ဒါကလုံး ဝလိုအပ်တဲ့အရာပါ။

မေး ။     ။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်လေးတွေ သွားလိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကတဲ က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကလုပ်နေခဲ့တာ အဲဒီထဲမှာ ဒိန်းမတ်နိုင်ငံလဲ ပါနေပါတယ်။ ဒိန်းမတ်နိုင်ငံက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ပံ့ ကူညီနေပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒိန်းမတ်နိုင်ငံပါဝင်နေတဲ့ အခန်းကဏ္ဍကို နည်းနည်း လောက်အသေးစိတ် ထပ်ရှင်းပြနိုင်မလား။ ဒီအစိုးရသစ် လက်ထက်မှာရော ဘာတွေလုပ်သွားဘို့ ရှိပါသလဲ။

ဖြေ ။    ။ ဟုတ်ကဲ့၊ ကျနော့်ရဲ့ တောင်အာဖရိက၊ နီပေါလ် နဲ့ အခြား ငြိမ်းချမ်းရေး ဖြစ်စဉ် တွေမှာ ရခဲ့တဲ့ အတွေ့အကြုံ တွေအရပြောရရင် ငြိမ်းချမ်းရေးကိစ္စက မြန်မာနိုင်ငံ ကဘဲ လုပ်ရမှာဖြစ်ပါ တယ်။ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရအောင် လာလုပ်ပေးလို့မရပါဘူး။ ကျနော့်အနေန ဲ့ပြောရရင်တော့ ဒေသခံ ကာယကံရှင်တွေကသာ ဒီငြိမ်းချမ်းရေးကိစ္စကို သဘောတူ ရမှာဖြစ်ပါတယ်။ ဒါကျနော့် မူပါဘဲ။ ဘာလို့လဲဆိုတော့ ဒီငြိမ်းချမ်းရေးသဘော တူညီချက်အတိုင်းလိုက်နာနေထိုင်ရမှာက သူတို့ဘဲဖြစ်လို့ပါဘဲ။ ကျနော်တို့ကတော့ လိုအပ်တဲ့ဘဏ္ဍာရေးနဲ့ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီ အထောက်အပံ့တွေကို သက်ဆိုင်သူတွေ လိုအပ်တဲ့ အတိုင်းအတာအထိ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါကလဲ ပြည်တွင်းရေး ဖြစ်စဉ်သာ ဖြစ်ရပါမယ်။

မေး ။     ။ မြန်မာ့အသွင် ကူးပြောင်းရေးမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကရော၊ အမြင်ကိုပြောပါဦး။

ဖြေ ။    ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းက ကြီးမားပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့နေရာ တခုချင်းပေါ်မှာလဲ မူတည်ပါတယ်။ အဝတ်အစားတွေလို ဘယ်အရွယ်ဝတ်ဝတ် ဆိုတာမျိုးတော့ မရှိပါဘူး။ ဒေသန္တရအဆင့်မှာ ဖြစ်နိုင်ခြေတွေကို ကြည့်ဘို့ လိုပါတယ်။ ဒေသန္တရ လူထုက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ အစိုးရကိုဘဲ ဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့ကိုဘဲဖြစ်ဖြစ် ကျနော်တို့ ငြိမ်းချမ်းရေး လိုချင်ပြီဆိုတာမျိုး သူတို့ ပြောနိုင်ပါတယ်။

မေး ။      ။ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဘို့ ဒတ်ချ်ကုမ္ပဏီတွေ စိတ်ဝင်ကြားမှုရှိကြရဲ့လား။

ဖြေ ။    ။ ဒတ်ချ်ကုမ္ပဏီ အကြီးကြီးတခု ဒီမှာလာရောက် ရင်းနှီးမြှုပ်နှံ နေတာရှိပါတယ်။ ကားလ်စ်ဘတ် ကုမ္ပဏီပါ။ ဒီ မှာဘဲဒေသဆိုင်ရာ ဘီယာတမျိုးကိုတောင် ချက်နေပါပြီ။ ရိုးမဘီယာပါ။ တူးဘို့နဲ့ ကားလ်စ်ဘတ်ဘီယာတို့လဲ ရှိ ပါတယ်။ သူတို့ ဒီမှာရောက်နေတာ အတော်စောပါတယ်။ သင်္ဘောကုမ္ပဏီ အကြီးကြီးဖြစ်တဲ့ Maersk လဲရှိပါတယ်။ ဒိန်ခဲနဲ့ နို့မှုံ့ထုတ်တဲ့ Aria လဲရှိပါတယ်။

တခြားဒတ်ချ်ကုမ္ပဏီ ငယ်ကလေးတွေလဲ အများအပြားရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ခဏစောင့်ကြည့်ဦးမဲ့ အခြေအနေမှာ ရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အသွင်ကူးပြောင်းရေး အခြေအနေ ဘယ်လိုဖြစ်လာမလဲ၊ အစိုးရသစ်ရဲ့ မူဝါဒတွေက ဘယ်လိုလဲဆိုတာတေ သူတို့ စောင့်ကြည့်နေကြမှာပါ။ အစိုးရသစ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဘို့ အတူပူးတွဲ လုပ်ဆောင်ဘို့ စိတ်ဝင်စားလိမ့် မယ်လို့ ကျနော်အများကြီး မျှော်လင့်ထားပါတယ်။ ကျနော့်အတွက်တော့ မြန်မာနဲ့ ဒတ်ချ်ကုမ္ပဏီတွေအကြား ပူးတွဲ လုပ်ဆောင်မှုတွေပေါ့။

မေး ။      ။ မြန်မာနိုင်ငံမှာ စီးပွါးရေးလုပ်ဘို့ ကုမ္ပဏီတွေရဲ့ စိုးရိမ်ပူပန်မှုတွေက ဘာတွေပါလဲ။ သူတို့ကို ဆွဲဆောင်ဘို့ မြန်မာနိုင်ငံက ဘာတွေ လုပ်ပေးနိုင်ပါသလဲ။

ဖြေ ။    ။ ကျနော့်အထင် တည်ငြိမ်မှုက သိပ်အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေး တစုံလုံးနဲ့ ဒီမိုကရေစီသို့ကူး ပြောင်းရေးဖြစ်စဉ်မှာ လမ်းကြောင်းမှန်အတိုင်း သွားနေဘို့ အရေးကြီးပါတယ်။ ကောင်းမွန် တဲ့ဥပဒေပြုစနစ်လဲ ရှိဘို့ လိုပါတယ်။ ဒါမှနိုင်ငံခြား ကုမ္ပဏီတွေအတွက် မျှတတဲ့ အခြေအနေတရပ် ပေါ်ပေါက်လာမှာပါ။ ဒီတော့နိုင်ငံခြား ကုမ္ပဏီတွေအတွက် မျှတစွာ ယှဉ်ပြိုင်ခွင့်ရရှိရေးဟာ သိပ်ကို အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။     ။ အစိုးရသစ်ဆီက ဘာများ မျှော်လင့် ထားပါသလဲ။ ဥပမာပြောရရင် နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးကို မြှင့်တင်ဘို့လား၊ ဒိန်းမတ်ရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကို ပိုရောက်လာဘို့လား။

ဖြေ ။     ။ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံ စီးပွါးရေး ဖွံ့ဖြိုးလာတာကို မြင်ချင်မယ်လို့ ကျနော်ထင်ပါတယ်။ တိုင်းပြည်ရဲ့ အမျိုးသား ထွက်ကုန်စုစုပေါင်း (GNP) တကယ် တိုးတက်လာတာကို မြင်ချင်နေ ပါတယ်။ မြန်မာ ပြည်သူတွေအကျိုး ရှိစေတဲ့နည်းနဲ့ တိုးတက် လာစေချင်နေတာပါ။ ဒိန်းမတ် ကုမ္ပဏီတွေ အနေနဲ့လဲ ကော်ပိုရိတ် လူမှုတာဝန်ရှိမှု (CSR)၊ ကောင်းမွန်သော လုပ်ငန်းခွင် ဝန်းကျင် အခြေအနေ စတာတွေကို ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်လိမ့်မယ်လို့ ကျနော်မျှမျှတတ ပြောနိုင်မယ် ထင်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံကို အကျိုးရှိစေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေလဲ တိုးတက် လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မေး ။      ။ နောက် ၅ နှစ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး ပမာဏကို သတ်မှတ်ရမယ်ဆိုရင် ဘယ်လောက်သတ်မှတ်မလဲ။

ဖြေ ။    ။ ဒီလိုခန့်မှန်းတာမျိုးကို ကျနော် မလုပ်လိုပါဘူး။ ဒိန်းမတ် ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲ ပိုရောက်လာတာမျိုးဘဲ မြင်ချင်ပါတယ်။ မြန်မာကုမ္ပဏီတွေလဲ ဒိန်းမတ်ကိုလာပြီး အလုပ် လုပ်စေလိုပါတယ်။ နှစ်နိုင်ငံအကြား ပူးတွဲလုပ် ဆောင်မှုတွေ တိုးတက်လာစေချင်ပါတယ်။ ဒါမှနှစ်နှိင်ငံအတွက် နှစ်လမ်းသွား ဆက်ဆံမှုဖြစ်ပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

ကျနော်မြင်တဲ့ စိန်ခေါ်မှုတခုကတော့ စွမ်းရည်မြှင့်တင်ရေးပါ။ မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံမှာ စွမ်းရည်မြှင့်တင်မှုတွေ လုပ်ဘို့အတွက် ဒိန်းမတ်က ထောက်ပံ့ကူညီမှုတွေ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်း ကတော့ စွမ်းရည်မြှင့်တင်ရေးပါ။ ဒီအထဲမှာ ရှေ့နေများကို လေ့ကျင့် သင်ကြားပေးရေး၊ တက္ကသိုလ် ကျောင်းသားများ ကို လေ့ကျင့်သင်ကြားပေးရေး၊ ဒေသခံများကို လေ့ကျင့် သင်ကြားပေးရေး၊ ငါးလုပ်ငန်း ဦးစီးဌာနကို လေ့ကျင့် သင်ကြားပေးရေး စတာတွေ ဖြစ်ချင် ဖြစ်ပါမယ်။

ကျနော်တို့ လုပ်နိုင်သမျှ အများကြီး လုပ်သွားမှာပါ။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံဖြစ်နေပါတယ်။ ဒါကလဲ နောက်ထပ် ၆ နှစ်က ၈ နှစ်ထိ ကြာဦးမှာပါ။ ဒါကလဲမြန်မာနိုင်ငံရဲ့ အားသာချက် အားကောင်းချက် တခုဖြစ်နေပါတယ်။ မြန်မာအစိုးရ သစ်နဲ့ ကုမ္ပဏီသစ်တွေအနေနဲ့ ဒီအားသာချက်ကို အရအမိယူဘို့ အရေးကြီးပါတယ်။ ဥပမာပြရရင် ဥရောပဈေးကွက်ကို ဝင်ရောက်ဘို့ အထူးအခွင့်အရေး ရပါတယ်။ ဒီအခွင့်အရေး ရှိနေသမျှ အသုံးချဘို့ လိုပါတယ်။

မေး ။    ။ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်တို့ဟာ တမိုးအောက်ထဲမှာ အတူရှိနေကြပါတယ်၊ မြန်မာနိုင်ငံက ကဏ္ဍပေါင်းစုံမှာ ဘယ်လိုညှိနှိုင်း ဆောင်ရွက် သွားကြမှာပါလဲ။

ဖြေ ။    ။ ခင်ဗျားအခုထိုင်နေတာ နော်ဒစ်နိုင်ငံတွေ အားလုံးရဲ့ အဆောက်အဦပါ။ ရန်ကုန်က နော်ဒစ်သံရုံးတွေအားလုံး အတူတကွ တည်ရှိကြတဲ့နေရာပါ။ ဒါဟာ ရှေ့ပြေး စီမံကိန်းတခုလဲ ဖြစ်ပါတယ်။ အတူကွ ပေါင်းစည်းနေတာ အတူတကွလုပ်ကိုင်တာ ကျနော်တို့အတွက် ကမ္ဘာပေါ်မှာ ဒါပထမဆုံးပါဘဲ။

နော်ဝေက တာဝန်ရှိတာ လုပ်ရမှာက စီမံအုပ်ချုပ်ရေးပါ၊ ရှိတဲ့ အရင်းအမြစ်တွေကို နော်ဒစ်လေးနိုင်ငံလုံးက ထိရောက်စွာ အသုံးပြုနိုင်တဲ့ နည်းလမ်းပါ။ နောက်တခုဒီမှာ လုပ်နိုင်တာက အတူတကွနေရတော့ နီးနီးကပ်ကပ် အလုပ်လုပ်နိုင်တယ်၊ စကားပြောနိုင်တယ်၊ ညှိနှိုင်းတိုင်ပင်နိုင်တယ်။ ဥပမာပြရရင် ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေဆိုရင်လဲ အခု ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့က ထည့်ဝင်ထားကြပြီ။ နော်ဝေလဲ မကြာခင် ပါလာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အခြား နယ်ပယ်တွေမှာလဲအခုလို အတူတွဲ လုပ်နေတာတွေရှိပါတယ်။ ဥပမာပြရရင် ဆွီဒင်နဲ့ ဒိန်းမတ်တို့က ထောင်စုနှစ် ရည်မှန်းချက်ဖြစ်တဲ့ ကျန်းမာရေး ရံပုံငွေမှာ ပါဝင်နေပါတယ်။ ဒီတော့ ကျနော်တို့အကြား အတူလက်တွဲ လုပ်နေတာတွေ တခြားအများကြီး ရှိပါတယ်။

မေး ။    ။ လက်ရှိအစိုးရနဲ့ စပြီးဆက်သွယ် လုပ်ကိုင်ရတဲ့ အချိန်တုံးက လွန်ခဲ့တဲ့ ၅ နှစ်တုံးမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ကြုံခဲ့ရပါသလဲ။

ဖြေ ။   ။ ခင်ဗျားက အတိတ်အကြောင်းကို ပြောနေတာကိုး။ ဟုတ်ပါတယ် အဲဒီတုံးက အခြေအနေကတော့ အတော်လေး သိမ်မွေ့ပါတယ်။ ကျနော်တို့ကလဲ အသွင် ကူးပြောင်းရေး လုပ်ငန်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကူညီထောက်ပံ့ ချင်ခဲ့တာကိုး။ ဒီတော့ အစိုးရနဲ့က လွန်ခဲ့တဲ့ မကြာသေးခင် ကာလအထိ တိုက်ရိုက် ပူးပေါင်းဆောင် ရွက်မှုက နှိုင်းယှဉ်ချက်အရ အကန့်အသတ်နဲ့ဘဲ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြောင်းတော့ပြောင်း လဲသွားခဲ့ပါပြီ။ ဒီအတိုင်း ရှေ့ဆက် သွားနိုင်ပါလိမ့်မယ်။ အကောင်အထည် ဖော်ရာမှာလဲ အကန့်အသတ်တွေ ရှိပါတယ်။ စွမ်းဆောင်ရည် ပိုင်းက အရေးပါပါတယ်။ ရှေ့ကို တိုးတက်အောင်လုပ်ဘို့ လိုပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်း မြင်ဘို့လဲ လိုတယ်။ အရာကိစ္စတွေဟာ နေ့ချင်းညချင်း ပြောင်းသွားမှာ မဟုတ်ဘူးဆိုတာ နားလည်ဘို့ လိုတယ်။ ဒီတော့အချိန်ယူရမယ်၊ စိတ်ရှည်ရမယ်။ အရမ်းကြီး စိတ်ရှည်နေဘို့လဲ မဖြစ်ပြန်ဘူး။

မေး ။    ။ ဒီတော့သတိနဲ့ အကောင်းမြင်တယ် ဆိုတာမျိုးလိုပေါ့။ ရှေ့ကိုလှမ်းတက်ရမှာတော့ ဟုတ်တယ်။ ဒါပေမဲ့ စိန် ခေါ်မှုတွေကိုရင်ဆိုင်ရာမှာ သတိထားဘို့ေ ရာမလိုဘူးလား။

ဖြေ ။    ။ စိန်ခေါ်မှုတွေ သိပ်များလို့ပါ။ ကျနော်ဆိုလိုချင်တာ ကျနော်တို့အားလုံး သိတဲ့အတိုင်းမြန်မာနိုင်ငံက စိန်ခေါ် မှုတွေ သိပ်များပါတယ်။ ကဏ္ဍတိုင်း လိုလိုမှာ အတိတ်ကို အခြေတည်ပြီး ဖြစ်နေတာ ဒီတော့ ဘယ်နေရာကစပြီး ဘယ်နေရာမှာ ဆုံးမယ်ဆိုတာ အကုန်လုံးအတူတူ သွားစဉ်းစားလုပ်လို့ မဖြစ်ဘူး။ ဒီတော့ အစိုးရသစ် အနေနဲ့လဲ ဦး စားပေးလုပ်ငန်းတွေရှိရမယ်၊ ဘယ်ဟာကို ဦးစားပေးအနေနဲ့ လုပ်မယ် ဆိုတာမျိုးရှိရမယ်။ ကျနော်တို့ဘက်က တော့ ဒီဦးစားပေး လုပ်ငန်းတွေမှာ ကျနော်တို့ နိုင်သလောက် အကူအညီ ပေးနိုင်ဘို့ဘဲ အရေးကြီးပါတယ်။

မေး ။     ။ ခင်ဗျား ဒီနိုင်ငံကို ရောက်တာ အတော်လေးကြာပြီ။ ဒီတော့ အခုထိ အမှတ်ရစရာ အဖြစ်ဆုံး အဖြစ်အပျက် နဲ့ တခြား မီးမောင်းထိုးပြောချင်တာလေးတွေ ရှိရင်ပြောပါဦး။

ဖြေ ။    ။ ရွေးကောက်ပွဲနေ့ကတော့ သိပ်ကိုထူးခြားပါတယ်။ ကျနော် ရန်ကုန် မူဆလင်ရပ်ကွက်မှာ လေ့လာဘိ သွားခဲ့ ပါတယ်။ စစ်တန်းလျားကိုလဲ ရောက်ခဲ့ပါတယ်။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာက လူထုက သိပ်ကိုစည်း ကမ်းရှိပြီး စိတ်ရှည် ကြတာပါဘဲ။ မဲပေးတဲ့ဖြစ်စဉ်ကို ကြီးကြပ်လုပ်ကိုင်နေတာလဲ အမျိုးသမီးတွေဘဲ များတယ်။ အတွေ့အကြုံကောင်း တခုပါဘဲ။

၁၉၉၄ ခုနှစ် တောင်အာဖရိကမှာ ပထမဆုံး ရွေးကောက်ပွဲတုံးက အခုလိုဘဲခံစား ရတယ်။ လူထုအတွက် ရုတ်တရက်ကြီး သူတို့မဲပေးခွင့် ရလာတဲ့ခံစားချက်ကို ခင်ဗျားနားလည်မယ် ထင်ပါတယ်။ မြန်မာ နိုင်ငံမှာလဲ လူတွေအကုန်လုံး ထွက်လာကြ မဲပေးကြပြီး သူတို့ လက်ချောင်းလေးတွေ မှင်တို့ထားတာကို ပြကြတယ်။ ဒါဟာ အားရစရာကောင်းတဲ့ မြင်ကွင်းပါ။ ဒါပေမဲ့လွန်ခဲ့တဲ့ ၂ ပတ်လောက ်မကြာသေးခင်က ကျနော် ရခိုင်ပြည်နယ်ကို ရောက်သွားပါတယ်။

စစ်တွေနဲ့ မောင်းတောကို ရောက်ခဲ့ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း အဲဒီဘက်က ကျေးလက် ဒေသတွေမှာ စိန်ခေါ်မှုတွေအများကြီး ရှိနေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ရခိုင်နဲ့ မူဆလင်တွေ အတူတကွ တွဲပြီး နေကြတာတွေ့ရတာတော့ အတော်ကောင်းပါတယ်။ အတူနေ၊ အတူအလုပ်လုပ်၊ အတူ ကုန်သွယ်စီးပွါး လုပ်နေကြတာမြင်ရတော့ ရခိုင်မှာလဲ အားလုံး အပျက်သဘောချည်း မဟုတ်ဘူးဆိုတာ တွေ့ခဲ့ရ ပါတယ်။ အပြုသဘော ဆောင်တာ တွေလဲရှိတယ်ဆိုတာ မြင်ခဲ့ရတယ်။ နှစ်ဖက်လုံးက အရပ်ဖက် အဖွဲ့အစည်း တွေနဲ့ ကျနော ်စကားပြောခဲ့ရပါတယ်။ သူတို့အားလုံး ယုံကြည်မှု ပြန်တည်ဆောက် ချင်ကြတယ်၊ ဆက်ဆံရေး ပြန်တည်ဆောက်ချင်ကြတယ်။ ဒီတော့ ဒါဟာကျနော့်အတွက် တကယ့်ကိုကောင်းတဲ့ အတွေ့အကြုံတခုပါ။

မေး ။     ။ မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ အကြောင်းလဲ ပြောပါဦး။ တောင်အာဖရိကလို နိုင်ငံတွေနဲ့နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံက အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြင်တဲ့အမြင်လေးပြောပါဦး။

ဖြေ ။    ။ နိုင်ငံတိုင်းဟာ ကိုယ့်သမိုင်းနဲ့ကိုယ် ရှိကြတယ်ဆိုတာကတော့ သိပ်ကိုရှင်းရှင်း လင်းလင်း သိထားရမယ်လို့ ကျနော်ထင်ပါတယ်။ တခြားနိုင်ငံက အတွေ့အကြုံကို ဒီနိုင်ငံရဲ့ ထူးခြားတဲ့အခြေအနေ အကြောင်းမသိဘဲနဲ့ မယူမိဘို့ သိပ်ကို သတိထားရပါမယ်။ မြန်မာနိုင်ငံမှာလဲ ထူးခြားတဲ့အခြေအနေတွေ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာ နိုင်ငံမှာ အသွင်ကူးပြောင်းရေးက လမ်းခုလတ်ရောက်နေပြီလို့ ကျနော်ထင်တယ်။ အလားအလာလဲ ကောင်းတယ်လို့ မျှော်လင့်ရတယ်။  ဒါပေမဲ့ လောလောဆယ်မှာ ကျနော့် အမြင်ပြောရရင် အသွင်ကူးပြောင်းရေးက အရေးကြီးတယ်။ ဒါကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစပ်လုပ်နိုင်ရင် သိပ်ကို ကောင်းသွားမှာ။ အစိုးရသစ် အနေနဲ့လဲ ဒါမျိုးလုပ်ချင်လိမ့်မယ်လို့ဘဲ ထင်ပါတယ်။

မေး ။    ။ ကျနော်တို့ရဲ့ စာဖတ်ပရိသတ်နဲ့ ရုပ်သံပရိသတ်အတွက် ဘာများ နောက်ထပ် ဖြည့်ပြောချင် ပါသေးသလဲခင် ဗျာ။

ဖြေ ။     ။ ကျနော့်အခြေခံ အမြင်ကတော့ ခင်ဗျားတို့ဟာ ဒီနိုင်ငံသား ဖြစ်ရတာ သိပ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ အလားအလာ ကောင်းတွေလဲ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံသားတွေက သူတို့ ဘယ်လမ်း လျှောက်ချင်တယ် ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပါပြီ။ ခင်ဗျားတို့ အောင်မြင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required