အသင်း သုံးလေးသင်းဖြင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေဟု အက်သလက်ကွင်းလယ်လူ အာဒါတူရန် ဖွင့်ဟ

အသင်း သုံးလေးသင်းဖြင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေဟု အက်သလက်ကွင်းလယ်လူ အာဒါတူရန် ဖွင့်ဟ

စပိန်၊ ဇွန် ၂၆။ ။ အက်သလက်တီကိုအသင်း၏ အဓိက ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် တူရကီလက်ရွေးစင်ကစားသမား အာဒါတူရန်က အသင်းပြောင်းရွှေ့ရန်အတွက် အသင်း သုံးသင်း၊ လေးသင်းနှင့် ၎င်း၏အေးဂျင့်ဖြစ်သူတို့ ဆွေးနွေးနေကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

အာဒါတူရန်၏ အက်သလက်အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၁၇ တွင်မှ ကုန်ဆုံးမည် ဖြစ်သော်လည်း ၎င်း၏အေးဂျင့်က အသင်းပြောင်းရွှေ့ရန် ဆွေးနွေးနေခြင်းဖြစ်ပြီး ၎င်း၏ကစားသမားသည် ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ဖွင့်ဟ ပြောဆိုထားသည်။

၎င်းတို့တွေ့ဆုံဆွေးနွေးနေသည့် ကလပ်အသင်းများမှာ ချယ်လ်ဆီး၊ မန်ယူနှင့် ဘာစီလိုနာတို့ ဖြစ်နိုင်ပြီး ပီအက်စ်ဂျီနှင့် အေစီမီလန်အသင်းတို့လည်း ဖြစ်နိုင်ကြောင်း ဒေးလီးမေးလ်က ဆိုသည်။

'ကျွန်တော့်ရဲ့အေးဂျင့်က အသင်းသုံးလေးသင်းနဲ့ ထိတွေ့ဆက်ဆံနေပါတယ်။ အပြောင်းအရွှေ့ဖြစ်မြောက်လာခဲ့ရင် ထပ်မံဖော်ပြသွားပါမယ်' ဟု အာဒါတူရန်က ၎င်း၏တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

အာဒါတူရန်၏ အပြောင်းအရွှေ့တန်ဖိုးကို ပေါင် ၂၅ သန်းဝန်းကျင်သတ်မှတ်ထားသည်။

တူရန်သည် ပြီးခဲ့သည့်လေးနှစ်က ဂါလာတာစာရေးမှ အက်သလက်သို့ ပြောင်းရွှေ့လာခဲ့ပြီး အဓိက ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။ အက်သလက်အသင်း လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ရန်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိရန် အဓိက ခြေစွမ်းပြခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly