တံတားဦးမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျောက် လုယက်မှု၊ ဓားပြမှုများသည့်ရွာများ ကိုယ်ထူကိုယ်ထ လုံခြံုရေးယူနေရ

တံတားဦးမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျောက် လုယက်မှု၊ ဓားပြမှုများသည့်ရွာများ ကိုယ်ထူကိုယ်ထ လုံခြံုရေးယူနေရ

မန္တလေး၊ မတ် ၁ ။           ။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာများတွင် လုယက်မှုများနှင့် ဓါးပြတိုက်မှုများ ဖြစ်ပွားနေသောကြောင့် ဒေသခံများသည် ကိုယ်ထူကိုယ်ထဖြင့် လုံခြုံရေးလုပ်ဆောင်နေရသည်ဟု ဒေသခံများကပြောသည်။

လုယက်မှုနှင့် ဓါးပြတိုက်ခံရသောကျေးရွာများမှာ မြေငူ၊ ပုဏ္ဏခြံ၊ ငါးရာပြ၊ ကျီးပင်၊ လက်ဆောင်ယူ၊ ဥယျာဉ်၊ ပေါက်တော၊ ပေါက်မြိုင်၊ထောက်ရစ်စသည့် ကျေးရွာများဖြစ်သည်။ ထိုကျေးရွာများသို့ ဧရာဝတီမြစ်ကြောင်းမှနေ၍ ညနက်ပိုင်းတွင် စက်လှေများဖြင့် လာရောက်လုယက်ဓားပြတိုက်ကြခြင်းဖြစ်သည်ဟု အတိုက်ခံရသူများကဆိုသည်။

အဆိုပါကျေးရွာများရှိ ဖရဲစိုက်တောင်သူများကို အဓိကထား လုယက်နေခြင်းဖြစ်ပြီး ကျေးရွာအတွင်းဝင်ရောက် လုယက်ဓားပြတိုက်မှုမှာနည်းသော်လည်း နေ့စဉ်နီးပါဖြစ်နေသောကြောင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။

လုယက်မှုဓားပြတိုက်မှုများဖြစ်နေခြင်းကြောင့် သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားသော်လည်း ထိရောက်သည့် ဟန့်တားပေးနိုင်မှု မရှိခြင်းကြောင့် ဒေသခံများအနေဖြင့် အခက်တွေ့နေရသည်ဟု ရှင်ပင်ထိန်လင်း ကျောင်းတိုက်ဆရာတော် ဦးေဥယျက မိန့်ကြားသည်။

"ရဲသွားပြောလည်း ဘာမှလုပ်မပေးဘူး။ အကြောင်းကြားရုံ သက်သက်ပဲဖြစ်နေတယ်။ ဘာမှလုပ်မပေးနိုင်ဘူး။ ဒါကြောင့် ညဆိုရင်တစ်ရွာလုံး မအိပ်ရဘူး။ စောင့်နေကြရတယ်။ နေ့ခင်းဘက်အိပ်ပေါ့။ အခုဆို အလုပ်ကောင်းကောင်းမလုပ်ရတော့ဘူး။သက်ဆိုင်ရာအနေနဲ့ဒီဘက်ကို လုံခြုံရေးအပြည့်ဆောင်ရွက်ပေးစေချင်တယ်။"ဟု ဆရာတော် ဦးေဥယျကမိန့်ကြားသည်။

မြေငူကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆၊၂၇၊၂၈၊၂၉ရက်တို့တွင် ရက်ဆက်လုယက်ဓားပြအတိုက်ခံရခြင်းများကြောင့် ဒေသခံအများစုမှာ နီးစပ်ရာ ဆွေမျိုးသားချင်းများဖြင့်စုပေါင်းနေထိုင်ကြရပြီး ဘုန်းကြီးကျောင်းများတွင်လည်း ဒေသခံများကအလှည့်ကျဖြင့် လုံခြုံရေးယူပေးနေရသည်ဟု မြေငူကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင် ကဆိုသည်။

"နည်းနည်းမှောင်ရင်ကို အပြင်မထွက်ရဲကြတော့ဘူး။ဖရဲရာသီကလည်းမကုန်သေးတော့ အခင်တွေမှာလည်းစောင့်ကြည့်နေရတယ်။ဘယ်သူမှကောင်းကောင်းမအိပ်ရဘူး။လူစိမ်မြင်ရင်ကိုကြောက်နေရတယ်။"ဟု ဦးမျိုးမြင့်အောင်ကပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက် လုယက်ဓားပြအတိုက်ခံရသည့် ကိုစံအိုက်က "ကျွန်တော့်အခင်းစောင့်အိပ်တဲ့ အလုပ်သမားကို ဓားနဲ့ထောက်ပြီး ကျွန်တော့်တဲထဲရောက်လာတယ်။ ည ၁ နာရီကျော်မှာ သူတို့လက်ထဲမှာ ဓားကိုယ်စီနဲ့ အကုန်မွှေနှောက်ယူသွားတယ်။ ဖရဲသီးရောင်းထားတဲ့ ငွေသုံးသိန်းကျော်နဲ့ ဖုန်း လေးလုံးပါသွားတယ်။ လူကိုမသတ်လို့ တော်သေးတယ်။ အခုဟာ အသက်အန္တရာယ်ပါစိုးရိမ်နေရတယ်။လုံခြုံရေးမြန်မြန်လုပ်ပေးစေချင်တယ်။"ဟု ပြောသည်။

လာရောက်လုယက်ဓားပြတိုက်သူများသည် အုပ်စုဖွဲ့လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ဆောင်ယူကျေးရွာသို့ ဝင်ရောက် လုယက်ဓားပြတိုက်ရာတွင် အိမ်ရှင်ကိုပါ ဓားဖြင့်ထိုးခဲ့သည်ဟုလည်း လက်ဆောင်ယူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းမင်း ကဆိုသည်။

"ဓားနဲ့ထိုးသွားတယ်။ ရွှေလည်းပါသွားတယ်။ ငွေကတော့လသိန်း ၄၀ ကျော်တယ်။"ဟု ဦးမင်းမင်းကပြောသည်။

ထိုသို့ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာအများစုသည် ညပိုင်းတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှအပ ကျန်သည့်သူများမှာ လုံခြုံရေးစောင့်၍ နေထိုင်နေရသည်ဟု ဒေသခံများကဆိုသည်။

တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် လုယက်မှုများဖြစ်နေသည်ကို ကြားကြောင်းနှင့် လုံခြုံရေးအတွင်လည်း စီမံမှုများလုပ်ဆောင်သွားမည်ဟု ယနေ့ ညနေ ၄ နာရီတွင် တာဝန်မှူးကျသူကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required