ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဘာဂျော်ခရိုင်တွင် တရားဥပဒေစိုးမိုးမှု အခြေအနေ ယိုယွင်း ဆိုးရွားလာနေမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၅ ရက်တွင် ဒေသခံပြည်သူတို့က မိုးရွာထဲတွင် ၇ရက်ဆက်တိုက် ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည် Dawn သတင်းစာက ဖော်ပြသည်။
ဆန္ဒပြသူများသည် ဒေသတွင် ငြိမ်းချမ်းပြီး လုံခြုံသည့် အခြေအနေကို မူလအတိုင်း ပြန်လည်ရရှိရေး တောင်းဆိုလျက်ရှိပြီး ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောလက်ခံပေးမည်ဖြစ်ကြောင်း အာဏာပိုင် တို့ထံမှ ခိုင်မာစိတ်ချရသော အာမခံချက်များ မရမချင်း ၎င်းတို့၏ ထိုင်သပိတ်ကို အဆုံးသတ်မည် မဟုတ်ဟု အခိုင်အမာ ပြောခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။
ဆွန်နီနိုင်ငံရေးပါတီ ဂျမတ်-အူလီမာ-အီ-အစ္စလမ်၏ ခရိုင်အဖွဲ့ခွဲက စီစဉ်သော အဆိုပါ ထိုင်သပိတ်ကို အများ အားဖြင့် နိုင်ငံရေးနှင့် လူမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများ အပါအဝင် လူတန်းစားအစုံမှ ဒေသခံများ ပါဝင် တက်ရောက်ခဲ့ကြသည်။
ဒေသခံများအပြင် အမျိုးသားလွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဟာဂျီ ရှားဟီ ဂူလ် အက်ဖရီဒီ ဦးဆောင်သော ခိုင်ဘာ မျိုးနွယ်စု ခရိုင်မှ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း တက်ရောက်ခဲ့သည်။
“မျိုးနွယ်စု ခရိုင်အားလုံးမှာ တရားဥပဒေ စိုးမိုးမှု အခြေအနေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အာရုံစိုက်မှု ရစေဖို့ ဒီလိုမျိုး ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေက လိုအပ်ပါတယ်” ဟု အက်ဖရီဒီက ထိုင်သပိတ်တွင် ပြောသည်။
မျိုးနွယ်စု ခရိုင်များတွင် ပြီးခဲ့သည့်လအနည်းငယ်အတွင်း တရားဥပဒေ စိုးမိုးမှုအပေါ် ဆိုးဆိုးရွားရွား နှောင့်ယှက်မှုများ ရှိထားခဲ့သည်ဟု ၎င်းက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။