မန်းရွှေစက်တော်ဖွင့်ပွဲနေ့တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်ရေကင်းလုံခြုံရေးတိုးမြှင့်

မန်းရွှေစက်တော်ဖွင့်ပွဲနေ့တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်ရေကင်းလုံခြုံရေးတိုးမြှင့်
ဓာတ်ပုံ-ဒေါင်းလူ

မင်းဘူး  ၊ ဖေဖော်ဝါရီ   ၁၈ ။      ။ မြန်မာနိုင်ငံ၏ဒုတိယရက်အကြာရှည်ဆုံးကျင်းပသည့်မင်းဘူး-စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲဖွင့်ပွဲနေ့တွင် မန်းချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့်အတွက်    ရေကင်းလုံခြုံရေးအစီအမံများချထား ပေးထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိသည်။

စတင်ဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် မန်းချောင်းအတွင်းရေဆင်းချိုးရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးခဲ့သောကြောင့် လုံခြုံရေးအစီအမံများ ထပ်မံတိုးမြင့်ခြင်းဖြစ်သည်။

ရွှေစက်တော်ဘုရားအား ရစ်ခွေစီးဆင်းနေသော မန်း ချောင်းအတွင်းရှိ ရေဝဲရှိသည့်နေရာ(၃)ခုအား ပွဲတော်မကျင်းပမီစဉ်ကပင် မြေဖို့ခြင်း၊ဝါးများကာရံခြင်း၊သတိပေး ဆိုင်းဘုတ်စိုက်ထူခြင်းများ   ဆောင်ရွက်ခဲ့ကြောင်း၊ပထမဆုံးရေနစ်သေဆုံးမှုဖြစ်ပွားပြီးနောက်တစ်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ခြံစည်းရိုးများထပ်မံကာရံခြင်းနှင့်"အန္တရာယ်ရှိသည် ရေမကူးရ။" စာတမ်းပါဆိုင်းဘုတ်များ အား စိုက်ထူထားကြောင်း သိရသည်။

"ရေနက်တဲ့နေရာတွေမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရေကင်းလုံခြုံရေးတွေ ချထားပေးတယ်။ ရေနက်တဲ့နေရာ၊တားမြစ်နေရာတွေမှာ   ရေမချိုးစေဖို့ ဟန်းစပီကာတွေနဲ့ လိုက်လံသတိပေးပြောဆိုနေတာတွေလည်း ရှိတယ်။"  ဟု မန်းရွှေစက်တော်ဂေါပကအဖွဲ့မှ စီမံအထွေထွေတာဝန် ခံ ဦးစိုးတင့်က ပြောသည်။

မန်းရွှေစက်တော်ရာမန်းချောင်းအတွင်း နေရာအတော်များများ၌ ရေအနက်ခါးလည်သာရှိသော်လည်း ဒေသ အခေါ် ဆင်သေဝဲ၊ကျောက်လမောင်းဝဲ၊တရုတ်ဝဲဟု ခေါ်သောနေရာများ၌ ဝါးတစ်ရပ်ခန့် ရေအနက်ရှိပြီး၊ပွဲတော်ဖွင့် ပွဲနေ့တွင် တရုတ်ဝဲတွင် မကွေးမြို့နယ်၊ကံပြားကျေးရွာနေ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required