ချစ်သူများနေ့အတွက် အဆင်သင့်ဖြစ်ပြီလား၊ ချစ်အနမ်းတစ်ပွင့်၌ ပိုးမွှားပေါင်း သန်း ၈၀ ကျော် ကူးလူးသွားဟုဆို

ချစ်သူများနေ့အတွက် အဆင်သင့်ဖြစ်ပြီလား၊ ချစ်အနမ်းတစ်ပွင့်၌ ပိုးမွှားပေါင်း သန်း ၈၀ ကျော် ကူးလူးသွားဟုဆို

သင့်ချစ်သူအပေါ် မေတ္တာထားမှုကို ပြသမှုအနေဖြင့် အနမ်းတစ်ပွင့် ခြွေလိုက်ခြင်းသည် ပါးစပ်ခံတွင်းထဲ ရှိနေသော ဘတ်တီးရီးယားပိုမွှား သန်း ၈၀ ကျော်ထက်မနည်းကို တစ်ဆင့်ကူးပွား သွားစေခြင်းဖြစ်ကြောင်း  သိပ္ပံပညာရှင်များက ပြောလာသည်။

သမီးရည်းစားစုံတွဲတစ်တွဲ၏ ဆယ်စက္ကန့်ကြာ အနမ်းတစ်ခုတွင် တစ်ဦး ပါးစပ်မှ တစ်ဦးပါးစပ်သို့ ပိုးမွှားများ ကူးလူးစပ်ယှက်သွားပြီး ချစ်သူနှစ်ဦး၏ အာခံတွင်းရှိ salivary microbiota ဆိုသော တံတွေးရည်ကြည်တွင်းရှိ အဏုဇီဝရုပ်များ တစ်သားတည်း ထပ်တူဖြစ်သွားကြောင်း သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။

ပြင်းပြင်းပြပြရှိလှသော အနမ်းတစ်ခု၏ အာခံတွင်းက အဏုဇီဝရုပ်များအပေါ် သက်ရောက်မှုကို သုတေသနပြုစုံစမ်းရာမှ ယခုတွေ့ရှိမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားသောသုတေသနများ၌ လူတိုင်း၏ ပါးစပ်ခံတွင်းအတွင်း ပိုးမွှားမျိုးစိတ်ကွဲပေါင်း ၁၀၀ နှင့် ၂၀၀ ကျော် ခိုအောင်းနေထိုင်ကြောင်း၊ သို့သော်လည်း ယင်းဇီဝပိုးမွှားများက အန္တရာယ်မဖြစ်စေသည့်   ရောဂါကူးစက်ခြင်းများကို အမှန်ကာကွယ်မှုပေးနိုင်သော ဘတ်တီးရီးယားဇီဝပိုးမွှားများဖြစ်ကြောင်း တွေ့ရှိဖော်ထုတ်ထားသည်။

"အခု တွေ့ရှိမှုကတော့ စိတ်ဝင်စားစရာပါ။ ပါးစပ်ခံတွင်းထဲမှာ အဏုဇီဝပိုးမွှားတွေ ရှိနေတယ်ဆိုတာအပြင် လူနှစ်ဦး အပြန်အလှန် ပွေ့ဖက်နမ်းရှုပ်ခြင်းရဲ့ နောက်ပိုင်းမှာ အဏုဇီဝရုပ်တွေမှာ လိုက်ပါပြောင်းလဲ သက်ရောက်မှု ဖြစ်စဉ်ကို ခုလိုရှင်းပြဖော်ထုတ်လိုက်နိုင်တာက စိတ်ဝင်စားစရာပါပဲ။ အနမ်းတစ်ပွင့်ကြောင့် အဏုဇီဝပိုးမွှားဖြစ်စဉ်တွေအပေါ် အလွန်သက်ရောက်မှုတွေ   ဖြစ်ပွားတယ်ဆိုတာမျိုး အရင်က ဘယ်တုန်းကမျှ သုတေသနမပြုထားဖူးဘူးလေ။"ဟု လက်တွေ့အသုံးချသိပ္ပံသုတေသနဆိုင်ရာ နယ်သာလန်အဖွဲ့မှ Remco Kort က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ အနမ်းတစ်ခုမှာ ဖြစ်ပျက်သွားတဲ့ ပိုးမွှားထုံကူးမှု ဖြစ်စဉ်ကို ဒီထက်ပို တိုးလေ့လာလိုပါတယ်။ စုံတွဲသမီးရည်းစားတွေအနေနဲ့ ပိုပြီး နမ်းနေမိရင် သူတို့ ပါးစပ်ခံတွင်းထဲက ဘတ်တီးရီးယားတွေအချင်းချင်း ကူးလူးသွားတဲ့ဖြစ်စဉ်တွေကနေ salivary microbiota ဇီဝရုပ်တွေ ပိုလို့ ထပ်တူဖြစ်လာတာ တွေ့ရပါတယ်။"ဟု ၎င်းက ပြောသည်။

ယခု ချစ်အနမ်းသုတေသနအတွက် လက်တွေ့အသုံးချသိပ္ပံသုတေသနဆိုင်ရာ နယ်သာလန်အဖွဲ့အတွက် စုံတွဲပေါင်း ၂၁ တွဲက ကူညီပါဝင်ခဲ့ကာ နမ်းပြခဲ့ခြင်းအပေါ် သုတေသန ပြုလုပ်ခဲ့ကြခြင်းလည်းသည်။

သုတေသနတွင် ပါဝင်သူ ၄၂ ဦး၏ ဆယ်စက္ကန့်ကြာ နမ်းပြီးနှင့် မနမ်းမီအချိန်တို့က တံထွေးရည်ကြည်ကို စုယူကာ သုတေသန စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သမီးရည်းစားစုံတွဲများ တစ်ရှိုက်မက်မက်နမ်းစုပ်လိုက်ကြပြီးနောက်၌ ထိုစုံတွဲတို့၏ salivary microbiota တံတွေးရည်ကြည် အဏုဇီဝရုပ်များ ထပ်တူဖြစ်သွားကြသည်ကို သုတေသနအရ   တွေ့ရှိခဲ့ရခြင်းပင်ဖြစ်သည်။ ထိုပြင် တစ်နေ့လျှင် ကိုးကြိမ် ထိနမ်းပေးခြင်းကလည်း ယင်းသို့ပင် salivary microbiota တံတွေးရည်ကြည် အဏုဇီဝရုပ်များ ထပ်တူကျ တူညီသွားတတ် သည်ကိုလည်း တွေ့ရှိရသည်။

ယခုကဲ့သို့ သမီးရည်းစားတို့၏ အနမ်းများတွင် ဘတ်တီးရီးယားပိုးမွှားများ အချင်းချင်း ကူးလူးသွားကြပြီး အဏုဇီဝရုပ်တို့ မည်သို့ တူညီမှုဖြစ်သွားရခြင်း အကြောင်းရင်းကို ဆက်လက်သုတေသနပြုလျက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required