ဖမ်းဆီးခံကျောင်းသားအရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုကို ဗကသ ဥက္ကဌကျော်ကိုကို ဝေဖန်

ဖမ်းဆီးခံကျောင်းသားအရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုကို ဗကသ ဥက္ကဌကျော်ကိုကို ဝေဖန်
ဓာတ်ပုံ- Khin Mg Oo

ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ ။          ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖမ်းဆီးခံကျောင်းသားများအရေးနှင့် ပတ်သက်၍ ကြားနေ နေခြင်းမှာ ဖိနှိပ် သူကိုအားပေးခြင်းနှင့်တူကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်တိုင်းတရား ကမာရွတ်တရားရုံးတွင် ရုံးထုတ်လစဉ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြောကြားလိုက်သည်။

" သူဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက် ဘာလုပ်သင့် ဘာလုပ်ထိုက်တယ်ဆိုတာ သူအသိဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့က သူ့ကို ဆရာမလုပ်ချင်ပါဘူး။ ဒါပေမယ့် ပြောသင့် ပြောထိုက်တဲ့အချိန်မှာမပြောဘဲနေခြင်း ဟာ တစ်စုံတစ်ရာ အန္တရာယ်ရှိတယ်။ အကျပ်အတည်း ကြုံစဉ်ကာလမှာ ကြားနေတာက မကောင်းဘူးဗျ။ ဒါပဲ ကျွန်တော်ပြောချင်တယ်။ အကျပ်အတည်းကြုံစဉ်မှာ ကြားနေတာက ဖိနှိပ်သူကို အားပေးတာနဲ့တူတယ်"ဟု ကိုကျော်ကိုကိုက ပြောသည်။

ကိုကျော်ကိုကို အပါအဝင် ဗကသအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားများ၊ တကသအဖွဲ့ဝင်ကျောင်းသားများနှင့် ဝန်း ရံပြည်သူများမှာ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြမှုကြောင့်   နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅( ခ) ၊ လွှတ်လပ်စွာစီတန်းလှည့်လည်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခြင်းခံထား ကြရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အ နိုင်ရပါတီဖြစ်ပြီးအစိုးရသစ်လက်ထက်တွင် ၎င်းတို့ အပါအဝင်   နိုင်ငံရေးအကျဉ်းသားများနှင့်  ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားရသည့် အလုပ်သမားလယ်သမားများကို ခြွင်း ချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း ၎င်းက ပြောသည်။

ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားများ ဖြစ် သည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုဂျိမ်း၊ မဖြိုးဖြိုးအောင်။ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူး တို့ကို ကမာရွတ်တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးတင်မြင့်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗကသအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားခေါင်းဆောင် ကိုဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က  ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ကြောင်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required